သီပေါ၊ ဩဂုတ် ၂၁
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံနှစ်ဦးသေဆုံးပြီး ဓာတ်ဆီသိုလှောင်ကန် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက်နေ့က သီပေါမြို့ရှိ စစ်ကောင်စီရဲ့ ခလရ ၂၃ တပ်ရင်းအနီးရှိ နာမုံရပ်ကွက်ကို စစ်ကောင်စီလေတပ်မှ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံအမျိုးသားနှစ်ဦး သေ ဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါအပြင် အဲဒီနေ့ နေ့လည် ၁၁ နာရီခွဲအချိန်ခန့်မှာလည်း သီပေါမြို့ ကျောက်စုရပ်ကွက်ရှိ AAA ရဲ့ ဆီသိုလှောင်ကန်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ရာနေရာကို PSLF/ TNLA သီပေါမီးသတ်တပ်ဖွဲ့နဲ့ မြို့ခံပြည်သူတွေက အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက်နေ့ကလည်း သီပေါမြို့နယ် နမ့်လန်မှာ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသမီတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ် ၂ လုံးလည်း ပျက် စီးခဲ့တယ်လို့ TNLA က ဆိုပါတယ်။
တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ်မှာ အခုလ ၁ ရက်နေ့ကစပြီး ၁၉ ရက်နေ့အထိ စစ်ကောင်စီရဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၄ ဦးသေဆုံးခဲ့ ပြီး ၄၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-TNLA