မော်လမြိုင်၊ သြဂုတ် ၂၀
ညီနောင်(မွန်)တို့ရဲ့ တော်လှန်ရေးဟာ နှောင့်နှေးကြန့်ကြာပြီး အင်တင် တင် ဖြစ်နေတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ ဗိုလ် မှူးကြီးတာပန်လက ထောက်ပြဝေဖန်လိုက်ပါတယ်။
ဩဂုတ် ၁၉ ရက်နေ့က မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC မှ ဦးဆောင်ပြုလုပ်တဲ့ ၇၇ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားမှာ ဗိုလ်မှူးကြီး တာပန်လက အခုလိုထောက်ပြပြောဆိုခဲ့တာပါ။
ဗိုလ်မှူးကြီး တာပန်လက ခေတ်သစ်မွန်တော်လှန်ရေးဟာ ၂၀၁၀ အထိ တိုင်းရင်းသားလူမျိုးတွေအတွက် အင်မတန်မှအတုယူဖွယ်ဖြစ်ပြီး ၂၀၁၀ ကနေ ၂၀၂၀ အထိကတော့ အင်မတန်မှခက်ခဲကြမ်းတမ်းတဲ့ကာလလို့ မှတ်ချက်ပြုပါတယ်။
ဒါပေမယ့် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးက စစ်အုပ်စုကို ဆန့်ကျင်ကြပြီး တော်လှန်ရေးမှာ လူငယ်လူရွယ်လူလတ်တွေ အများကြီးပါဝင်ကြပေမယ့် ညီနောင်(မွန်)တို့ နှောင့် နှေးနေခဲ့တယ်လို့ ဝေဖန်တာပါ။
ဒါ့အပြင် မိခင်အဖွဲ့အစည်းရဲ့ လူကြီးတွေကလည်း ပကတိအခြေအနေနဲ့ ကင်းကွာပြီး NCA စာချုပ်ကို လက်မလွှတ်နိုင်တဲ့ အနေအထားမျိုး ကြုံနေရတဲ့ကာလမျိုးဖြစ်ကြောင်းနဲ့ အမှန်တကယ်ဆို နိုင်ငံ့အပြောင်းအလဲက လမ်းတဝက်တောင် ရောက်နေချိန်မှာ NCA ဆိုတာမျိုးကို စွန့်လွှတ်ပြီး တော် လှန်ရေးမှာ အပြည့်အဝပါဝင်မယ်ဆိုရင် အခွင့်အလမ်းကောင်းတွေရရှိမယ်လို့ ဗိုလ်မှူးကြီးတာပန်လက ပြောပါတယ်။
ဗိုလ်မှူးကြီးတာပန်လရဲ့ ပြောဆိုမှုဟာ ဝါရင့်မွန်တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ မွန်ပြည်သစ်ပါတီ NMSP ရည်ညွှန်းတာလို့ နားလည်ရပါတယ်။
မွန်ပြည်သစ်ပါတီ NMSP ဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းသာ ဖြေရှင်းမယ်ဆိုတဲ့ မူဝါဒကိုဆုပ်ကိုင်ထားပြီး အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနဲ့ တစ်ဖွဲ့ချင်းအလိုက်ဖြစ်စေ၊ အုပ် စုအလိုက်ဖြစ်စေ ခုနှစ်ကြိမ်ထက်မနည်း ငြိမ်းချမ်းရေးသွားရောက်ဆွေးနွေးခဲ့ပါတယ်။
ဗိုလ်မှူးကြီး တာပန်လက မွန်လူမျိုးတွေဟာ တအာင်းလူမျိုးတွေထက် လူဦးရေပိုများပြီး ပညာ တတ်မှုနဲ့ချမ်းသာကြွယ်ဝမှု များပြားသလို သမိုင်းထဲက သူရဲကောင်းကြီးတွေဖြစ်တဲ့ ရာဇာဓိရာဇ်တို့၊ လဂွန်းအိမ်တို့လို လူငယ်လူရွယ်တွေက ဘာဖြစ်လို့ သွေးအေးနေကြသလဲ၊ ဘာဖြစ်လို့ နှောင့် နှေးနေကြသလဲလို့ မေးခွန်းထုတ်ခဲ့တာပါ။
အာဏာသိမ်းကာလအတွင်း မိခင်မွန်ပြည်သစ်ပါတီကနေ မွန်ပြည်သစ် AD အဖွဲ့ ခွဲထွက်လာတာ ရှိနေပေမယ့် အမှန်တကယ်မှာ မွန်တွေအားလုံး တစုတစည်းတည်း ဖြစ်သင့်ကြောင်းနဲ့ မွန်ပြည်သစ်ပါတီအောက်ကနေ တစ်ခုတည်းသောမွန်အဖြစ် တော်လှန်တိုက်ပွဲမှ မွန်နိုင်ငံတော်၊ မွန်ဒေသ၊ မွန်ပြည်ပြန်လည်ဖွဲ့စည်းတည်ထောင်တာမျိုးပဲ ကောင်းမွန်တယ်လို့ ဗိုလ်မှူးကြီးတာပန်လက အဆိုပြုပါတယ်။
မွန်ခမာအနွယ်ဝင်ဖြစ်တဲ့ တအာင်း/ပလောင်လူမျိုးတို့ဟာ ၁၀၂၇ စစ် ဆင်ရေးကနေ လက်ရှိအချိန်အထိ မြို့ပေါင်း ၁၀ မြို့ထက်မနည်း သိမ်း ပိုက်ရရှိထားပြီး တအာင်းအုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးစနစ်ကို အခိုင်အမာအကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။
တဖက်မှာတော့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဟာ နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ မွန်ပြည်လွတ် မြောက်ရေးတပ်တော် MLA ကို အခြေခံစစ်ပညာသင်တန်းတွေ ပေးတာအပြင် ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်နေပါတယ်။
အာဏာသိမ်းကာလအတွင်း မွန်လူမျိုးကိုယ်စားပြုတဲ့ လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ မွန်ပြည်တော် လှန်ရေးတပ် MSRF ၊ မွန်ပြည်ကာကွယ် ရေးတပ် MSFD ၊ မွန်ပြည်နယ်ပါတီ AD ၊ မွန်ပြည်လွတ် မြောက်ရေးတပ်တော် MLA အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့ ၅ ဖွဲ့ထက်မနည်း ပေါ် ပေါက်လာပါတယ်။
မွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဟာ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MSFC/ MSRF / NMSP AD