မကွေး ဩဂုတ် ၂၀
လက်ရှိမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာမှာ စစ်ကောင်စီက Non-CDM ပညာရေးဝန်ထမ်းတွေကို အတင်းအကြပ် ဖိအားပေးပြီး ကျောင်းဖွင့်ခိုင်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
သြဂုတ် ၂၀ ရက်မှာတော့ မဲဇလီရွာ အထက်တန်းကျောင်းမှာရှိတဲ့ Non – CDM ဆရာ၊ ဆရာမ အကုန်စာသင်နေရတယ်လို့ သိရပါတယ်။
“ကျောင်းသားတွေတော့ လာကြတယ်။ ဘယ်ကကျောင်းသားတွေလဲ မသိဘူး။ ရွာကကျောင်းသားတွေ မဟုတ်ဘူး။ ကျောင်းကဖွင့်ကို ဖွင့်ရမယ်ဆိုပြီးတော့ ဆရာ၊ ဆရာမတွေ အကုန်ကျောင်းတက်ရတယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
သြဂုတ် ၁၆ ရက်မှာလည်း ကျောင်းသားတွေ တင်လာတဲ့ ကားကို ရပ်ခိုင်းထားပြီး ကျောင်းသားတွေ ပို့ပြီးတာနဲ့ ရဲစခန်းကို ချောဆွဲခေါ်ဆောင်ခဲ့ပါသေးတယ်။
မဲဇလီဒေသခံ တော်တော်များများကတော့ ပွင့်ဖြူမြို့ပေါ်နဲ့ ရှောက်တောကျေးရွာတွေဘက်ကို ရွှေ့ပြောင်းနေထိုင်နေကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီက လိမ်ညာခေါ်ယူတာနဲ့ ကားချောဆွဲတာတွေကြောင့် မော်တော်ယာဉ်မောင်းနဲ့ ကားပိုင်ရှင်အများစုဟာလည်း မဲဇလီရွာကနေ အခြားနေရာတွေဆီ ရွှေ့ပြောင်းနေကြပြီဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ စစ်ကြောင်းဟာ ပွင့်ဖြူနဲ့ စေတုတ္တရာမြို့နယ်နှစ်ခု အစပ်မှာ ရောက်ရှိနေတာဖြစ်ပြီးတော့ ကာကွယ်ရေးအဖွဲ့တွေရဲ့ ပိတ်ဆို့ တိုက်ခိုက်မှုကို ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီနဲ့ ကာကွယ်ရေးအဖွဲ့တွေကြား နှစ်ဖက် တိုက်ပွဲတွေကြောင့် ဝန်လို၊ ခိုနန်းနဲ့ အနီးနားရှိ ရွာတွေက ပြည်သူ ၂၀၀၀ ကျော်ဟာ စစ်ဘေးရှောင်နေရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media