ပုလော၊ ဩဂုတ် ၂၀

တနင်္သာရီတိုင်း ပုလောမြို့နယ် တန်းရှင်းကျေးရွာထဲ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ မြိတ်ခရိုင်တပ်ရင်း ၁ ထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်နေ့ ည ၇ နာရီအချိန်ခန့်မှာ ပုလောမြို့နယ် ပလရဲစခန်းကနေ တိုက်ပွဲမရှိဘဲ တန်းရှင်းကျေးရွာထဲ လက်နက်ကြီး ငါးလုံးထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် တန်းရှင်းကျေးရွာနေ အသက် ၆ နှစ်အရွယ် မောင်ရဲရင့်ထိုက်ဟာ လည်ပင်းကျည်စဖောက်ဝင် ဒဏ်ရာရရှိခဲ့တာပါ။

အဲဒီနောက် မောင်ရဲရင့်ထိုက်ကို ညတွင်းချင်း ဆေးရုံမပို့နိုင်အောင် သြဂုတ် ၁၉ ရက်နေ့ မနက်ပိုင်းမှာပဲ ရရှိခဲ့တဲ့ဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့ တန်းရှင်းကျေးရွာဟာ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ်ထားတဲ့ကျေးရွာဖြစ်ပြီး စစ်ကောင်စီဘက်က မကြာခဏဆိုသလို လက်နက်ကြီး ပစ်ခတ်နေတာပါ။

ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်နေ့ကလည်း ပုလောမြို့နယ် ဆင်ထိုးကြီးကျေးရွာအနီး တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသားနှစ်ဦး သေဆုံးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.