နေပြည်တော် ၊ ဩဂုတ် ၂၁
တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်ကြောင့် စစ်မျက်နှာများစွာမှာ အရေးနိမ့်မှုတွေ ဆက်တိုက်ကြုံနေရတဲ့ စစ်ကောင်စီဟာ နေပြည်တော်ကောင်စီကနေ ရပ်ကွက်ကျေးရွာအဆင့်အထိ လက်နက်တပ်ဆင်ဖို့ လုပ်ဆောင်လာပါတယ်။
ဩဂုတ် ၁၆ ရက်နေ့ ရက်စွဲနဲ့ လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတဲ့ စစ်ကောင်စီရဲ့ အမိန့်ကြော်ငြာစာအရ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
အဲဒီအဖွဲ့ရဲ့ လုပ်ငန်းတာဝန်တွေမှာ နေပြည်တော်ကောင်စီအပါအဝင် တိုင်းနဲ့ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့ နယ်အဆင့်နဲ့ ရပ်ကွက် ကျေးရွာအုပ်စုအဆင့်ထိ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ် နင်းရေးအဖွဲ့တွေ ဖွဲ့စည်းဖို့ဖြစ်ပါတယ်။
ဒါ့အပြင် လက်နက်တပ်ဆင်တာကို ကြီးကြပ်ကွပ်ကဲတာ၊ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေ ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းတွေ ရေးဆွဲတာလည်းပါဝင်ပြီး အဖွဲ့ဝင်တွေကို လက်နက်တပ်ဆင်ပေးဖို့ ဖြစ်ပါတယ်။
ဩဂုတ်လဆန်းပိုင်းက ရှမ်းမြောက်ရှိ စစ်အင်္ဂါစဉ် နံပါတ် ၃ မှာရှိတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျပြီးနောက် တပ်ရင်းစခန်းတွေမြို့တွေ တစ်ခုပြီးတစ်ခု လက်လွှတ်ခဲ့ရတဲ့အပေါ် စစ်ကောင်စီက အခုလို ဖွဲ့စည်းလာတာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ရှေ့ဆက်စစ်ရှိန်မြင့်လာလို့ရှိရင် အင်အားပိုလိုအပ်လာမှာဖြစ်တဲ့အတွက် စစ်ကောင်စီက လုံခြုံရေးအကြောင်းပြချက်နဲ့ အရပ်သားတွေကို ခေါ်သုံးနိုင်အောင်လုပ်တာလို့ သုံးသပ်ပါတယ်။
“ရှေ့ဆက်ပြီးတော့ စစ်ရှိန်မြင့်လာပြီလို့ရှိရင် လူကပိုလိုအပ်တော့မှာ ဖြစ်တဲ့အတွက် စစ်မှုထမ်းဥ ပဒေနဲ့တင် မလုံလောက်ဘူး။ သာမန်အရပ်သားပြည်သူအားလုံးကိုလည်း လုံခြုံရေးအကြောင်းပြချက်နဲ့ခေါ်ပြီး သုံးနိုင်အောင် ဒီအမိန့်ကို ပြဌာန်းတာလို့ ကျွန်တော်က ယူဆပါတယ်။ ဒါပေမယ့် အဲဒီလိုလုပ်တာဟာ စစ်မှုထမ်းဥပဒေပြဌာန်းတုန်းကလိုပဲ ပြည်သူလူထုအတွင်း ဂယက်ရိုက်မှုတွေ မငြိမ်သက်မှုတွေ အများကြီးကြုံလာရပါလိမ့်မယ်”လို့ ဆိုပါတယ်။
စစ်ကောင်စီကတော့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်တွေကို တိုက်ပွဲတွေနဲ့ ကိုက်ညီတဲ့ လက်နက်နဲ့ စစ်ပစ္စည်းတွေ တပ်ဆင်ပေးတာ၊ စားနပ်ရိက္ခာတွေ အချိန်မီလုံလောက်စွာ ပြည့်တင်းပေးနိုင်ဖို့ ထောက်ပံ့ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ ရည်ရွယ်ထားတာပါ။
ဒါ့အပြင် ထိရောက်စွာ တိုက်ပွဲဝင်နိုင်ဖို့ အခြေအနေနဲ့ ကိုက်ညီတဲ့ နည်းဗျူဟာတွေ လေ့ကျင့်ပေးတာ၊ တပ်ဖွဲ့ဝင်တွေကို နောက်ပိုင်းနယ်မြေလုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်၊စစ်မြေပြင်တာဝန်တွေမှာလည်း အသုံးချဖို့ ဖြစ်ပါ တယ်။
ဦးသန်းစိုးနိုင်ကတော့ ဒီအဖွဲ့ဝင်တွေကို လက်နက်တပ်ဆင်ပေးမယ်ဆိုရင်လည်း တော်လှန်ရေးအင် အားစုတွေ လက်ထဲရောက်သွားနိုင်တဲ့ အခြေအနေရှိတာကြောင့် စစ်ကောင်စီရဲ့ အုပ်စိုးမှုကို ကာကွယ်ဖို့ ကြိုးပမ်းမှုဟာ မအောင်မြင်နိုင်ဘူးလို့ ထောက်ပြပါတယ်။
ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့မှာတော့ ဥက္ကဋ္ဌအဖြစ် နယ် စပ်ရေးရာဝန်ကြီးက တာဝန်ယူမှာဖြစ်ပြီး ဒုဥက္ကဋ္ဌ (၁)အဖြစ် ကာကွယ်ရေးဒုဝန်ကြီးနဲ့ ဒုဥက္ကဋ္ဌ (၂) အဖြစ် ပြည်ထဲရေးဒုဝန်ကြီးတို့က တာဝန်ယူသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က အရာရှိတွေအပါအဝင် တိုင်းစစ်ဌာနချုပ်က ဒုတိုင်းမှူးတွေ၊ တိုင်းနဲ့ ပြည်နယ်က လုံခြုံရေးနဲ့ နယ်စစ်ရေးရာဝန်ကြီးတွေ၊ ပြည်ထဲရေးက ရဲတပ်ဖွဲ့ချုပ်၊ စစ်မှုထမ်းဟောင်းအဖွဲ့ ဌာနချုပ်မှူး၊ ထွေအုပ်နဲ့ မီသတ်ဦးစီးဌာနက ဒုညွန်မှူးချုပ်တွေလည်း အ ဖွဲ့ဝင်အဖြစ် ပါဝင်ပါတယ်။
စစ်ကောင်စီဖွဲ့လိုက်တဲ့ ဒီအဖွဲ့မှာ အရပ်ဘက်ဆိုင်ရာ ထွေအုပ်နဲ့ မီးသတ်အဖွဲ့တွေ ပါဝင်နေတဲ့အပေါ် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါတဲ့ လေတပ် တပ်ကြပ်ကြီး ဇေယျက အခုလို ဝေဖန်ပါတယ်။
“အခုသူတို့ ဖွဲ့တဲ့အထဲမှာဆို မီးသတ်တွေရော၊ ထွေအုပ်တွေရော အကုန်ပါသွားတယ်။ ဒါတွေပါခြင်းအားဖြင့် အရပ်ဘက်၊ စစ်ဘက်မခွဲတော့ဘဲနဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့အမြင်မှာ သာမန်အရပ်ဘက် အဖွဲ့တွေကိုပါ စစ်တပ်နဲ့တစ်ဖွဲ့ထဲလို့ မြင်ပြီးတော့ သွေးခွဲတဲ့ပုံစံမျိုးပေါ့။ နောက်တစ်ခုက သူတို့ (စစ် တပ်) အသုံးမကျလို့ တာဝန်ခံရမယ့်ဟာကို တာဝန်မခံချင်လို့ အကုန်လုံးကို ဆွဲသွင်းပြီးတော့ အမှု တွဲထဲဆွဲထည့်တဲ့ ပုံစံမျိုးလို့ မြင်ပါတယ်”လို့ ဆိုပါတယ်။
ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိပ်နင်းရေးအဖွဲ့အနေနဲ့ အဖွဲ့ဝင်တွေကို ရှေ့တန်းစစ်ဆင်ရေးနယ် မြေတွေအတွက် ထောက်ပံ့ရေး၊ဆက်သွယ်ရေးနဲ့ ဒဏ်ရာရလူနာတွေ ရွှေ့ထုတ်ကယ်ဆယ်ရေးတာဝန်တွေ ထမ်းဆောင်နိုင်ဖို့ လေ့ကျင့်ပေးတာတွေကို ဆောင်ရွက်ပေးရမှာပါ။
အလားတူ အခြေအနေနဲ့ အချိန်အခါပေါ်မူတည်ပြီး ပြုန်းတီးသွားတဲ့အင်အားတွေ ဖြည့်တင်းပေးတာနဲ့ တိုးချဲ့ ဖွဲ့စည်းတာအပါအဝင် စိတ်ဓာတ်ပိုင်းဖြည့်ဆည်းမှုတွေ အဆက်မပြတ် လုပ်ဆောင်ပေးရမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာပါ။
ဒါပေမယ့် စစ်ကောင်စီအနေနဲ့ ဘယ်လိုမျိုးအဖွဲ့အစည်းတွေကို ဖွဲ့ဖွဲ့ အောက်ခြေက စစ်သားတွေရဲ့ တိုက်ခိုက်လိုစိတ် ပြည့်ဝနေမှဖြစ်တာမို့ တိုင်းစစ်ဌာနချုပ်အဆင့်အထိ ကျဆုံးခဲ့မှုအပေါ် အောင်စိတ်မရှိတော့ဘူးလို့ တပ်ကြပ်ကြီးဇေယျက ထောက်ပြပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီဟာ ၁၀၂၇ စစ်ဆင်ရေးကနေ အစချီကာ နိုင်ငံတဝန်းရှိ မြို့ပေါင်း ၈၀ နီးပါး လက်လွှတ်ဆုံးရှုံးထားရသလို တပ်စခန်း ၂၅၀၀ ကျော် သိမ်းပိုက်ခံထားရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-SAC Telegram