မော်လမြိုင် ဩဂုတ် ၁၇

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျောင်းသားလူငယ်တွေနဲ့ အလုပ်သမား လယ်သမား ပြည်သူတွေရဲ့ တောင်းဆိုချက်အရ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မူဟတ် ယူနွတ်ဦးဆောင်တဲ့ ကြားဖြတ်အစိုးရအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့တိုင်းရင်းသားအင်အားစုတွေကို ပံ့ပိုးကူညီပေးဖို့ မြန်မာ့တော်လှန်ရေးအင်အားစုနဲ့ အရပ်ဖက်အဖွဲ့အစည်း၂၅၅ ဖွဲ့က ဩဂုတ် ၁၆ ရက်မှာ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြပါတယ်။

အစိုးရအလုပ်အကိုင် ခန့်အပ်မှုနဲ့ပတ်သက်လို့ မကျေနပ်ရာမှ ဖြစ်ပေါ်လာခဲ့တဲ့ လူထုအုံကြွမှုကြောင့် ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ အိန္ဒိယနိုင်ငံကို ထွက်ပြေးသွားခဲ့ရပါတယ်။ အဲဒီနောက် ပြည်သူလူထုရဲ့ တောင်းဆိုချက်အရ မူဟတ် ယူနွန်ဦးဆောင်တဲ့ ကြားဖြတ်အစိုးရ ပေါ်ပေါက်လာပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ပြင်ဆင်နေပြီလည်း ဖြစ်ပါတယ်။

မြန်မာ့အင်အားစုတွေရဲ့ ပူးတွဲကြေညာချက်ထဲမှာတော့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအနေနဲ့ နိုင်ငံ့တာဝန်တွေကို အောင်မြင်စွာအကောင်အထည် ဖော်နိုင်စေဖို့ ဆန္ဒပြုကြောင်း၊ အကြမ်းဖက်မှုတွေအတွင်း သတ်ဖြတ်ခံခဲ့ရတဲ့ ကျောင်းသားနဲ့ ပြည်သူ ၅၀၀ ကျော်အတွက် ထာဝရ ဂါဝရထား အလေးပြုတဲ့အကြောင်းကိုလည်း ဖော်ပြပါတယ်။

အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ ကာလအတွင်း ဖိနှိပ်မှုဒဏ်ကို ခံစားခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကျောင်းသားလူငယ်တွေ၊ သတင်းသမားတွေနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေအတွက် တရားမျှတမှုရရှိရေးအတွက် လုပ်ဆောင်မယ့် လှုပ်ရှားမှုတွေလည်း အောင်မြင်ပါစေလို့ ကြေညာချက်ထဲမှာ ရေးသားထားပါတယ်။

အရပ်သားအစိုးရကို တာဝန်ခံတဲ့ နိုင်ငံရေးစနစ် ပြန်လည်ထွန်းကားလာစေဖို့ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေရဲ့ လှုပ်ရှားမှုဟာ မြန်မာ့နွေဦး တော်လှန်ရေးပန်းတိုင်နဲ့ အတူတူပင်ဖြစ်တဲ့အကြောင်း၊ မကြာမီပေါ်ပေါက်လာမယ့် အစိုးရခေါင်းဆောင်တွေအနေနဲ့လည်း မြန်မာပြည်သူတွေဘက်က ပြည့်ပြည့်ဝဝရပ်တည်မယ်လို့ ယုံကြည်မျှော်လင့်ပါကြောင်းလည်း ဖော်ပြပါတယ်။

နောက်ပြီး မြန်မာစစ်တပ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့ကြတဲ့ ရိုဟင်ဂျာတွေကို ကူညီစောင့်ရှောက်ပေးခဲ့ကြတဲ့ ပြည်သူတွေကိုလည်း ကျေးဇူးတင်ပါကြောင်း၊ ရိုဟင်ဂျာ လူမျိုးစုအရေးနဲ့ပတ်သက်ပြီး NUG အစိုးရနဲ့အတူ အာရက္ခပြည်အင်အားစုတေွက အတူတကွ ပူးပေါင်းပြီး ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ကြောင်း ညီတူဆန္ဒနဲ့ လက်မှတ်ရေးထိုး ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.