မောင်တော၊ ဩဂုတ် ၁၇
ရခိုင်ပြည်နယ် မောင်တောမြို့က တိုက်ပွဲတွေအတွင်း ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် နှစ်သောင်းနီးပါးဟာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေတဲ့အတွက် ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်နေတယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဩဂုတ် ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မောင်တောမြို့သိမ်းတိုက်ပွဲတွေမှာ မြို့အတွင်း ပိတ်မိနေကြတဲ့ ဒေသခံပြည်သူတွေနဲ့ အနီးပတ်ဝန်း ကျင်မှ အရပ်သားပြည်သူ နှစ်သောင်းနီးပါးကို စစ်ပွဲနဲ့ ကင်းလွတ်တဲ့နေရာတွေကို ရက္ခိုင့်တပ်တော် AA က အချိန်မီကယ်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ မိုးတွင်းကာလဖြစ်တာနဲ့အညီ မိုးရာသီအတွင်းအဖြစ်များတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေဟာ အချို့နေရာတွေမှာ ဖြစ်ပွားလျက်ရှိပြီး ပြီးခဲ့တဲ့အချိန်ကာလကလည်း ဒေသခံပြည်သူတွေဟာ ရေကြီးမှုဒဏ်တွေကိုပါ ခံစားခဲ့ရတာဖြစ်ပါတယ်။
ရေကြီးမှုနောက်ဆက်တွဲဖြစ်တဲ့ သောက်သုံးရေမသန့်တဲ့အတွက် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ် ပွားမှု အခုရက်ပိုင်းမှာ ပိုမိုမြင့်တက်လျက်ရှိပြီး ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူ ငါးဦးအထိရှိလာပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ရခိုင်ပြည်တော်လှန်အစိုးရဟာ ရခိုင်ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို လူ မျိုးမရွှေး ဘာသာမရွေး ကုသပေးလျက်ရှိပြီး ရခိုင်ဒေသဟာ စစ်ဘေးရေဘေးတွေကို တစ်ချိန်တည်း ကြုံတွေ့နေရတာကြောင့် ကျန်းမာရေးစောင့်မှုဖြစ်တဲ့ ဆေးဝါးဆိုင်ရာ လိုအပ်နေတယ်လို့ အ သိပေးထားပါတယ်။
တစ်ဖက်မှာလည်း မောင်တောဒေသမှ စစ်ပွဲရှောင်ပြည်သူတွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနေတာကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ သက်ဆိုင်တဲ့ ဆေးဝါးအပြင် အထွေထွေရောဂါတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဆေးဝါးတွေအရေးတကြီး လိုအပ်နေတယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဆိုပါတယ်။
ဒါကြောင့် အိမ်နီးချင်းနိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ စေတ နာ့ဝန်ထမ်းအဖွဲ့အစည်းတွေအနေနဲ့ လူနာတွေအတွက် အရေးပေါ်လိုအပ်နေတဲ့ ဆေးဝါးတွေကို အကူအညီပေးကြဖို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အရေးပေါ် အကူအညီ တောင်းခံထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA