မိုးမိတ်၊ ဩဂုတ် ၁၇

တအောင်းတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်နဲ့သီပေါမြို့နယ်တို့မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ အပြင်းအထန် တိုက်ခိုက်နေတယ်လို့ TNLA က ဩဂုတ် ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သီပေါမြို့နယ်ရှိ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ ၂၃ တပ်စခန်းမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ၊ Y12 ထောက်ပို့ လေ ယာဉ်တွေနဲ့ ဗုံသီး ၁၆၃ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မိုးမိတ်မြို့နယ် ကင်းချောင်းအနီးတစ်ဝိုက်မှာလည်း စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျောက်မဲမြို့နယ် ဟူးကွက်ရွာ ဘုန်း ကြီးကျောင်းကို ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ကိုရင်တစ်ပါး ထိမှန်ဒဏ် ရာရရှိခဲ့တဲ့အပြင် ဆွမ်းစားကျောင်းဆောင်နဲ့ ဇရပ်ကျောင်းဆောင်နှစ်ဆောင် ထိမှန်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်နေ့ကလည်း TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.