ဘီးလင်း၊ ဩဂုတ် ၁၇

မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာ မစောတံတားအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီးကြောင့် အရပ်သားနှစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီနေ့ သြဂုတ် ၁၇ ရက်နေ့ မနက် ၄ နာရီအချိန်ခန့်မှာ မစောတံတားအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန်တစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

တိုက်ပွဲအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်မှာ အိပ်နေတဲ့ တောင်ကလေးကျေးရွာနေ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး နဲ့အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးတို့ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် အသက် ၃၀ ကနေ ၄၅ အကြားရှိ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဲဒီထဲကအမျိုးသမီးတစ်ဦးဟာ ဝမ်းဗိုက်အူပွင့်ထွက် ဒဏ်ရာရရှိထားတာကြောင့် သထုံခရိုင်ပြည်သူ့ဆေးရုံမှာ တက်ရောက်ကုသနေတယ်လို့ သိရပါတယ်။

တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှုဟာ စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်မှုကြောင့်ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဘီးလင်းတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီအပြင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်က လက်ရှိအချိန်အထိ တစ်စုံတစ်ရာသတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

အဲဒီတိုက်ပွဲကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ခရီးသွားကား ရာနဲ့ချီပိတ်မိခဲ့ပြီး မနက် ၉ နာရီလောက်မှာသာ ပုံမှန်အတိုင်း ပြန်လည်သွားလာနေကြပြီလို့ ခရီးသွားပြည်သူတွေရဲ့ ပြောပြ ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

ပုံစာ – ဘီးလင်းတိုက်ပွဲကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ခရီးသွားကားတွေ ပိတ်မိနေစဉ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.