မကွေး ဩဂုတ် ၁၇
မကွေးတိုင်း မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် မဲဇလီရဲစခန်းအနီးကနေ ပြည်သူတွေအနေနဲ့ ထွက်ခွာသွားကြဖို့ သတိပေးချက် ထုတ်ပြန်ပြီးနောက် အဲဒီအနီးတဝိုက်မှာ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက်မှာ အဲဒီဒေသမှာ စစ်ကောင်စီတပ်သားတွေ စုဝေးနေတာကြောင့် အနီးမှာမနေကြဖို့ မင်းဘူးခရိုင် အမှတ်-၇တပ်ရင်းက ထုတ်ပြန်ပြီးနောက် ပွင့်ဖြူမှာတိုက်ပွဲ ဖြစ်ပွားနေတာပါ။
“အဓိကကတော့ ရဲစခန်းကို တိုက်မယ်မတိုက်ဘူး ဆိုတာထက် အနီးနားက ပြည်သူတွေ ထိခိုက်မှာစိုးလို့ပါ။ အကြမ်းဖက် စကစက စစ်ရေးပြင်နေတာကိုတွေ့ရတဲ့အတွက်ပါ” လို့ မင်းဘူးခရိုင် ပကဖ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်အရ ရေယာဉ်ရွာတစ်ဝိုက်မှာ လက်နက်ကြီး၊ လက်နက်ငယ်သံတွေကို ဒီနေ့ ဩဂုတ် ၁၇ ရက် နံနက် ၅ နာရီဝန်းကျင်ကတည်းက ကြားနေရပြီး နံနက် ၈ နာရီခွဲဝန်းကျင်အထိကြားနေရဆဲ ဖြစ်တယ်လို့ဆိုပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်အရ မဲဇလီနဲ့ကျွဲခြံရွာတွေက ဖောကားတွေကို စစ်ကောင်စီက တိုက်ပွဲမရှိတဲ့ နေရာဆီ သွားမယ်ဆိုပြီး လိမ်ညာခေါ်ယူကာ စစ်ကြောင်းထိုးတာလို့ သိရပါတယ်။
ဖောကားတွေနဲ့အတူ စစ်ကောင်စီအင်အား ၁၂၀ ဝန်းကျင်ပါဝင်ပြီး ဖောကား ယာဉ်မောင်းတွေဟာ ပြည်သူတွေဖြစ်တဲ့အတွက် မိသားစုတွေက စိုးရိမ်နေကြပါတယ်။
ရေယာဉ်ကျေးရွာဟာ ပုသိမ် – မုံရွာလမ်း အနောက်ဘက်မှာ ရှိပြီးတော့ မဲဇလီကျေးရွာနဲ့ အနည်းငယ်ဝေးပေမယ့် စစ်ကောင်စီလက်အောက်ခံတွေဟာ မဲဇလီတံတားကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားတယ်လို့ သိရပါတယ်။
ပွင့်ဖြူဘက်က တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ကာကွယ်ရေးအဖွဲ့တွေဘက်က ထုတ်ပြန်ထားတာကိုတော့ မတွေ့ရသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media