ထားဝယ်၊ ဩဂုတ် ၁၈

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသထဲ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက် လာတာကြောင့် နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေတယ်လို့ တော်လှန်ရေးအင်အားစုစစ်ကြောင်းဖြစ်တဲ့ ထားဝယ်စုပေါင်းစစ်ကြောင်းထံကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ သြဂုတ်လဒုတိယအပတ်ကစပြီး ထားဝယ်အရှေ့တောဒေသထဲ အင်အား ၁၀၀ နီးပါးနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

အဲဒီတိုက်ပွဲတွေဟာ သြဂုတ် ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့တို့မှာလည်း ထားဝယ်အရှေ့တောဒေသ တောင်သုံးလုံးကျေးရွာအနီးမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

နှစ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထားဝယ်စုပေါင်းစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ထားဝယ်အရှေ့တောဒေသက မေတ္တာဗျူဟာကုန်းထံ ရိက္ခာပို့ဖို့နဲ့ တပ်အင်အားဖြည့်တင်းဖို့ လာတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့အတွက် ကျောက်မဲတောင်၊ တောင်သုံးလုံးအပါအဝင် ကျေး ရွာခြောက်ရွာထက်မနည်း ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးပါဘူး။

ဒေသတွင်းသုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့ အစီရင်ခံစာအရ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ဇူလိုင်လတစ်လအတွင်း နှစ်ဖက်တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ခြောက်သောင်းကျော် စစ်ရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.