ကျိုက်ထို၊ ဩဂုတ် ၁၈

မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ထိုမြို့မရဲစခန်းက ရဲတပ်သားတစ်ဦးနဲ့ ဒေသခံလေးဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေအပြင် စစ်ကောင်စီနဲ့နီးစပ်သူတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ သြဂုတ်ဒုတိယအပတ်အတွင်း ကျိုက်ထိုမြို့မရဲစခန်းက ရဲတပ်သားပြည်သူရစိုးနဲ့ တောင်သူစုရပ်ကွက်နေ ကိုဇော်ထက်ချိုအပါအဝင် ဒေသခံလေးဦး ဖမ်းဆီးသွားခဲ့တာပါ။

စစ်ကောင်စီတပ် ထပ်မံဖမ်းဆီးခဲ့တဲ့ ရဲတပ်သားပြည်သူရစိုးဟာ ပြီးခဲ့တဲ့ မေလတုန်းက ကျိုက်ထိုပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF တွေထံ သတင်းပေးဆောင်ရွက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရပြီးနောက် နှစ်လအကြာမှာ ပြန်လွတ်လာသူ ဖြစ်ပါတယ်။

ဒါပေမယ့် ရဲတပ်သားပြည်သူရစိုးကို စစ်ကောင်စီတပ်က ဘာကြောင့်ထပ်မံဖမ်းဆီးတာလဲဆိုတာ မသိရပေမယ့် စစ်ကြောရေးမှာ စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေထံက သိရပါတယ်။

ဖမ်းဆီးခံထားတဲ့ ကိုဇော်ထက်ချိုအပါအဝင် ဒေသခံလေးဦးကိုတော့ PDF တွေထံ ငွေကြေးထောက်ပံ့တာ၊ အစားအသောက်နဲ့ ရိက္ခာတွေ ပို့ဆောင်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားပါတယ်။

ဖမ်းဆီးခံ ကျိုက်ထိုမြို့ခံ ဒေသခံလေးဦးကိုတော့ ကျိုက်ထိုအခြေစိုက် တပ်မ ၄၄ ဌာနချုပ်မှာ စစ် ဆေးမေးမြန်းနေပြီး မိသားစုနဲ့လည်း အဆက်အသွယ်မရသေးဘူးလို့ ဆိုပါတယ်။

ကျိုက်ထိုမြို့မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က စစ်မှုထမ်းအမည်စာရင်းပါသူတွေကို လိုက်လံဖမ်းဆီးနေတဲ့အတွက် ဒေသခံပြည်သူတွေကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်နေ့ကလည်း ကျိုက်ထိုမြို့ တောင်ပိုင်းရပ်ကွက်နေ ကိုပြည်စုံထွန်းတို့ မောင်နှမနှစ်ဦးကို PDF ထောက်ပို့စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ် ဖမ်းဆီးထားပါတယ်။

ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ရဲ့ အစီရင်ခံစာအရ မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ တစ်လအတွင်း စစ်ကောင်စီရဲ့ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုကြောင့် ဒေသခံ ၂၂ ဦးထက်မနည်း ဖမ်းဆီးခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.