သံဖြူဇရပ်၊ ဩဂုတ် ၁၇
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ရဲတံခွန်ကျေးရွာ ဘုရားကုန်းအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ညိုစစ်ကြောင်းထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်မှာ တပ်အင်အား ၁၀၀ ကျော် တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကုန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် အချိန်နာရီဝက်နီးပါးကြာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာပါ။
တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အနီးပတ်ဝန်းကျင်ကျေးရွာတွေကို လက်နက် ကြီး အလုံး ၄၀ နီးပါး ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ တောင်ညိုစစ်ကြောင်း တာ ဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ တိုက်ပွဲပြီးနောက် ကျေးရွာအတွင်း ဖြတ်သန်းသွားလာနေတဲ့ ဒေသခံရှစ်ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ အဲဒီတိုက်ပွဲအတွင်း ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ရဲတံခွန်ကျေးရွာ ရော်ဘာခြံတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ ခြံလုပ်သားတစ်ဦးသေဆုံးပြီး မိသားစုဝင်လေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။
နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ သံဖြူဇရပ်မြို့နယ်မှာ ပြီးခဲ့တဲ့ဇူလိုင်လကုန်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-တောင်ညိုစစ်ကြောင်း