ဘန်ကောက် ဩဂုတ် ၁၆
ဖူထိုင်းပါတီရဲ့ ခေါင်းဆောင် ဖယ်ထောင်ထန် ရှင်နာဝပ်ထရာကို ထိုင်းနိုင်ငံရဲ့ ၃၁ ဦးမြောက် ဝန်ကြီးချုပ်သစ်အဖြစ် ထောက်ခံမဲ ၃၁၉ မဲ၊ ကန့်ကွက်မဲ ၁၄၅ မဲ၊ ကြားနေမဲ ၂၇ မဲနဲ့ အောက်လွှတ်တော်မှာ ဩဂုတ် ၁၆ ရက်က ရွေးချယ်လိုက်ပြီဖြစ်ပါတယ်။
အဲဒီလွှတ်တော်က ဝန်ကြီးချုပ်သစ်ရွေးချယ်တဲ့အစီအစဉ်ကိုတော့ အသက် ၃၇ နှစ်အရွယ် ဖယ်ထောင်ထန်က တက်ရောက်ခဲ့ခြင်း မရှိပါဘူး။ ဝန်ကြီးချုပ်အသစ်ဖြစ်လာမယ့် ဖယ်ထောင်ထန်ဟာ အောက်လွှတ်တော် အမတ် ၄၉၃ ယောက်ရှိတဲ့အနက် ထောက်ခံမဲ ၂၄၈ မဲကျော်လွန်မှ ဝန်ကြီးချုပ်ဖြစ်လာနိုင်မယ့် သတ်မှတ်ချက်ကို ပြည့်မီခဲ့တာလည်းဖြစ်ပါတယ်။
ဩဂုတ် ၁၆ ရက်မှာ ကျင်းပခဲ့တဲ့လွှတ်တော်အစည်းအဝေးကိုတော့ အမတ် ၄၈၉ ဦး တက်ရောက်ခဲ့တာပါ။
ဖူထိုင်းပါတီ ဦးဆောင်သူဟောင်းနဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီး ဖယ်ထောင်ထန်ဟာ ထိုင်းနိုင်ငံသမိုင်းမှာ အငယ်ဆုံးဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်မှာလည်း ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်နေ့က ဖွဲ့စည်းပုံတရားရုံးကနေ ကျင့်ဝတ်ဖောက်ဖျက်မှုနဲ့ ဝန်ကြီးချုပ်ရာထူးအဖြစ်မှ ဖယ်ရှားခံလိုက်ရတဲ့ ဆရီသာ သာဗီဆင်နေရာမှာ ဆက်ခံရဖို့ရှိပါတယ်။
ဖယ်ထောင်ထန်ဟာ ရှင်နာဝပ်ထရာမိသားစုမှာ သူ့ရဲ့ဖခင် သက်ဆင်နဲ့ အဒေါ် ယင်လပ်တို့ပြီးရင် ဝန်ကြီးချုပ်ဖြစ်လာတဲ့ တတိယမြောက်မိသားစုဝင်ဖြစ်ပါတယ်။
သက်ဆင်နဲ့ ညီမ ယင်လပ်တို့ နှစ်ယောက်လုံးကတော့ စစ်အာဏာသိမ်းမှုတွေကြောင့် နိုင်ငံကနေ ထွက်ပြေးသွားခဲ့ကြရဖူးပါတယ်။
ဒါပေမယ့် ဖခင်ဖြစ်သူ သက်ဆင်က ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ ပြည်တော်ပြန်ဝင်လာခဲ့ပြီး ထောင်ဒဏ် ၈ နှစ်ချခံခဲ့ရပါတယ်။ အဲဒီနောက် ဘုရင့်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ဒဏ် ၁ နှစ်လျှော့ချ သတ်မှတ်ခံခဲ့ရပါတယ်။
အဲဒီနောက် ရဲအထွေထွေဆေးရုံမှာ ၆ လ ဆေးရုံတက်ခဲ့ရပြီးတဲ့နောက် လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာသူပါ။
ဩဂုတ် ၁၅ ရက်နေ့မှာ ညွန့်ပေါင်းအစိုးရထဲမှာပါတဲ့ ပါတီတွေက ဖူထိုင်းပါတီ ခေါင်းဆောင် ဖယ်ထောင်ထန်ကို ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။
အခုလို ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ ဖျက်သိမ်းခံလိုက်ရတဲ့ Move Forward ပါတီကနေ အသစ်ပြောင်းလဲထူထောင်ထားတဲ့ အတိုက်အခံ ပြည်သူ့ပါတီ ခေါင်းဆောင် နာထာဖုံ ရွန်ပန်ရာဝတ်က ဖူထိုင်းပါတီခေါင်းဆောင်ရဲ့ ဝန်ကြီးချုပ် ရွေးချယ်ခံရမှုမှာ ထောက်ခံမဲ မပေးခဲ့ပါဘူး။
Ref:BangkokPost