တနင်္သာရီ၊ ဩဂုတ် ၁၇

တနင်္သာရီတိုင်းမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေအပြင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ရေကြီးရေလျှံမှုတွေကြောင့် ဇူလိုင်လအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ခြောက်သောင်းကျော်အထိ တိုးလာတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇူလိုင်လအတွင်း တနင်္သာရီတိုင်းက မြို့နယ်တွေမှာ ရေကြီးရေလျှံတာ၊ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူ ၆၃,၆၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။

တစ်ဖက်မှာလည်း ရေကြီးရေလျှံမှု ဖြစ်ပွားနေတဲ့ တနင်္သာရီမြို့နယ်အပါအဝင် ကျွန်းစုနဲ့ ပုလောမြို့ နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ ရက်ရှည်တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုပါ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

မြိတ်ခရိုင်အတွင်းက ပုလော၊ တနင်္သာရီနဲ့ ကျွန်းစုမြို့နယ်တွေမှာ နှစ်ဖက်တိုက်ပွဲတွေအပြင် ရေ ကြောင်းနဲ့ လေကြောင်းနဲ့တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူ ၂၇,၈၁၅ ဦးကျော် ရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရေကြီးမှုအများဆုံးခံစားခဲ့ရတဲ့ တနင်္သာရီမြို့နယ်မှာတော့ ရေဘေးဒုက္ခအပြင် စစ်ကောင်စီတပ်ရဲ့ ရက်ရှည် စစ်ကြောင်းထိုးဝင်ရောက်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူအ နည်းဆုံး တစ်သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ထားဝယ်ခရိုင်အတွင်းက ထားဝယ်၊ လောင်းလုံး၊ ရေဖြူနဲ့ သရက်ချောင်းမြို့နယ်တွေမှာတော့ နှစ်ဖက်တိုက်ပွဲတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၃၅,၃၈၀ ကျော်အထိ ရှိခဲ့ပါတယ်။

ကော့သောင်းခရိုင် ခမောက်ငယ်မှာလည်း စစ်ကောင်စီရဲ့ စစ်ကြောင်ထိုးဝင်ရောက်လာပြီး နေအိမ်မီးရှို့ ဖျက်ဆီးမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ ၅၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း ထားဝယ်အရှေ့တောဒေသ၊ သရက်ချောင်း တောင်ပျောက်တိုက်နယ်၊ တနင်္သာရီနဲ့ ပုလောမြို့နယ်တွေမှာ စစ်ကောင်စီက ဆန်၊ ရိက္ခာနဲ့ဆေးဝါး သယ်ယူခွင့်တွေကို ကန့်သတ်ထားတာကြောင့် ရေဘေးဒုက္ခကြုံနေချိန် စစ်ဘေးရှောင်တွေ ပိုမိုအခက်အခဲဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းက တနင်္သာရီတိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ငါးသောင်းကျော်ရှိတယ်လို့ FE5 Tanintharyi ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ဒေါန- တနင်္သာရီ စစ်ရှောင်အထောက်အကူပေးရေးအဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.