မူဆယ် ၊ ဩဂုတ် ၁၇
အာဏာသိမ်းမှုအတွင်း စစ်ကောင်စီနဲ့ EAOs တွေ ထိန်းထားတဲ့ တရားဝင်နယ်စပ်ကုန်သွယ်ရေးစခန်းတွေ ရပ်တန့်လာနေပြီး တရားမဝင်ကုန်သွယ်မှု မြင့်မားလာနေတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု ISP-Myanmar က ထုတ်ပြန်ပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ သိမ်းယူထားတဲ့ မူဆယ်နဲ့ ချင်းရွှေဟော်စခန်း၊ အာရက္ခတပ်တော် AA နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ကစစ်တွေနဲ့ မောင်တောစခန်း၊ ချင်းအမျိုးသားတပ်မတော် CNA သိမ်း ယူထားတဲ့ ရိဒ်စခန်းစတာတွေ အားလုံးဟာ နယ်စပ်ကုန်သွယ်မှု ရပ်တန့်နေတာပါ။
ကရင်နီ အမျိုးသားကာကွယ်ရေးတပ် KNDF သိမ်းယူထားတဲ့ မယ်စဲ့စခန်းကတော့ ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းကတည်းက ကုန်သွယ်မှုမရှိတော့သလို ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ထားတဲ့ လွယ်ဂျယ်စခန်းကလည်း ကုန်သွယ်မှုရပ်နေပြီလို့ ISP-Myanmar က ဆိုပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်မှုကို ကြည့်ရင် တနင်္သာရီတိုင်းက နဘုလယ်/ထီးခီးကို စစ်ကောင်စီက ဆက်ထိန်းထားပေမဲ့ အဲဒီစခန်းကနေ သဘာဝဓာတ်ငွေ့တင်ပို့မှုကပဲ အများဆုံး ဖြစ်နေတာပါ။
မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းကလည်း ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းကစပြီး တိုက်ပွဲတွေကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို အခုထိအသုံးမပြုနိုင်သေးတဲ့အတွက် တောလမ်းဖြစ်တဲ့ ထို့ကော်ကိုး-ကျော်ခိုလမ်းကို အစားထိုးနေရတာ ဖြစ်ပါတယ်။
ကုန်သွယ်သူအများစုဟာ တရားဝင်ကုန်သွယ်လိုကြပေမဲ့ အခုကာလမှာ တရားမဝင်ကုန်သွယ်မှုကပဲ ပိုများလာနေတာကြောင့် နယ်စပ်ကုန်သွယ်ရေးမှာ တရားမဝင်ကုန်သွယ်မှု ၈၀ ရာခိုင်နှုန်းနဲ့ တရား ဝင်ကုန်သွယ်မှု ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိတော့မယ်လို့ ISP-Myanmar ခန့်မှန်းပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ မိုင်းလားဒေသကို ဖြတ်ပြီး ဝမ်ပုံဆိပ်ကမ်းကနေတဆင့် တရုတ်နိုင်ငံနဲ့ ကုန်သွယ်နေကြပါတယ်။ ကချင်မှာလည်းကန်ပိုက်တီစခန်း၊ တနင်္သာရီတိုင်းက မောတောင်ဂိတ်၊ ကရင်က ဘုရားသုံးဆူဂိတ်တွေမှာလည်း တရားမဝင်ကုန်သွယ်မှုတွေ အလုပ်ဖြစ်နေတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ISP-Myanmar ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းမှု သုံးနှစ်ကျော်အတွင်း မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုတန်ဖိုးအားလုံးရဲ့ ၇၄ ဒသမ ၃ ရာခိုင်နှုန်းဟာ ပင်လယ်ရေကြောင်းကုန်သွယ်မှုကနေ အများဆုံးရရှိနေတာပါ။
ကျန်တဲ့ ၁၆ ဒသမ ၇ ရာခိုင်နှုန်းကို စစ်ကောင်စီ ဆက်ထိန်းထားတဲ့ နယ်စပ်ကုန်သွယ်မှုစခန်းတွေက ရပြီး ကိုးရာခိုင်နှုန်းကတော့ EAOs တွေ သိမ်းထားတဲ့ နယ်စပ်ကုန်သွယ်မှုစခန်းတွေက ရရှိနေတာ ဖြစ်ပါတယ်။
အထက်ဖော်ပြပါ ပမာဏတွေကိုနှိုင်းယှဉ်ရင် နယ်စပ်ကုန်သွယ်ရေးတန်ဖိုးဟာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုထက် နည်းပါးပါတယ်။
ဒါပေမယ့် ပြင်းထန်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့အတူ ကုန်စည်စီးဆင်းမှု ရပ်တန့်တာ၊ နှောင့် နှေးကြန့်ကြာတာတွေနဲ့ သယ်ပို့စရိတ် အဆမတန် မြင့်မားတာတွေကြောင့် နယ်စပ်ကုန်သွယ်ရေး ခါးပြတ်လာပြီး လူထုအပေါ် ဖိစီးမှု ပိုကြီးလာတယ်လို့ ISP-Myanmar က ထောက်ပြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media