မော်လမြိုင် ၊ ဩဂုတ် ၁၇

စက်သုံးဆီ ဆိုးဆိုးဝါးဝါး ပြတ်လပ်လာမှုကြောင့် မွန်ပြည်နယ်အတွင်းက ခရီးသည်တင်ယာဉ်လိုင်းတွေအပါအဝင် ကုန်တင်ကားတချို့ ပြေးဆွဲမှုယာယီရပ်နားထားရတယ်လို့ ယာဉ်လိုင်းလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စက်သုံးဆီတွေဟာ သြဂုတ်ပထမအပတ်ကစပြီး ဓာတ်ဆီနဲ့ဒီဇယ်ဆီတွေပါ ပြတ်လပ်လာပြီး သြဂုတ်ဒုတိယအပတ်အတွင်းမှာတော့ အဆိုးဝါးဆုံးပြတ်လပ်မှုနဲ့ ကြုံနေရပါတယ်။

စက်သုံးဆီပြတ်လပ်လာမှုနဲ့အတူ ဝယ်ယူရခက်ခဲတာ၊ အချိန်ကြာမြင့်စွာ တန်စီးစောင့်ဆိုင်းဝယ်ယူနေရတာ၊ ဝယ်ယူရာမှာလည်း လိုသလောက် ဝယ်ယူမရတဲ့အတွက် ယာဉ်လိုင်းတွေ ပြေးဆွဲမှု ရပ် နားလာရတာ ဖြစ်ပါတယ်။

“ဆီတွေက အခုဆိုးရွားတဲ့ပုံစံဆိုတော့ ကားတွေက မထွက်နိုင်တော့ဘူး။ အနေအထားတစ်ခုက မကောင်းတော့ဘူး။ ဆီမရတော့ ရပ်တဲ့ကားတွေကရပ်၊ ဆီရှိတဲ့ကားကထွက်ပေါ့။ အဲဒီမထွက်ရတဲ့ရက်က ကားတွေကများနေတာပေါ့။ အဲဒီလိုပုံစံနဲ့ပဲ ကျွန်တော်တို့ ခရီးသွားနေရတယ်”လို့ ခရီးသည်တင်ယာဉ်လိုင်း လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

စက်သုံးဆီ ပြတ်လပ်မှုကြောင့် ခရီးသည်တင်ယာဉ်လိုင်းအများစု ခရီးစဉ်အကြိမ်အရေအတွက် လျော့ချပြေးဆွဲရတာ၊ ၃ ရက် ၄ ရက်ခြားပြီး ပြေးဆွဲရတာအပြင် တချို့ယာဉ်လိုင်းတွေအနေနဲ့ ပြေးဆွဲမှု ယာယီရပ်နားထားရတာပါ။

ကုန်တင်ယာဉ်မောင်းတစ်ဦးကလည်း စက်သုံးဆီ ပြတ်လပ်နေတာကြောင့် ကားမထွက်ရတာ တစ်လလောက်ရှိပြီးဖြစ်သလို ရောင်းချပေးတဲ့ စက်သုံးဆီကလည်း လုံလောက်မှုမရှိတာကြောင့် ကားသမားအများစု လုပ်ငန်းရပ်နားထားရတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ဒီမှာ ဆီမရှိလို့ ကားမထွက်ရတာ တစ်လရှိပြီ။ ကားတွေရပ်ထားရတာ တစ်လရှိပြီ။ တော်တော်အဆင်မပြေဘူးပေါ့နော်။ လမ်းမှာဆိုင်ရှိမှ ဥပမာ ၁၀ ဆိုင်ရှိတယ်ဆိုရင် အငယ် ၉ ဆိုင်က ဆီမရှိဘူး။ အဲဒီအခါကျတော့ ကျွန်တော်တို့လည်း နောက်ဆုံးကျတော့ မထွက်တော့တာဘဲ အဆင်ပြေတယ်ဆိုပြီးတော့ ကျွန်တော်တို့လို နားတဲ့ကားဆရာတွေလည်း အများကြီးပေါ့နော်”လို့ ပြောပါတယ်။

စက်သုံးဆီဝယ်ယူရ အခက်အခဲကြောင့် ကုန်တင်ယာဉ်တွေ ရပ်နားထားရတဲ့အတွက် ကုန်စည်စီးဆင်းမှုတွေမှာ အခက်အခဲဖြစ်ပေါ်နေရသလို စက်သုံးဆီရှိမှ ထွက်ခွာရတာကြောင့် အချိန်ကြန့်ကြာတာအပြင် သယ်ယူပို့ဆောင်ရေးစရိတ်တွေပါ မြင့်တက်လာတယ်လို့ သူကဆက်ပြောပါတယ်။

စက်သုံးဆီ ပြတ်လပ်ပြီး ဝယ်ယူရခက်ခဲနေချိန်မှာ စက်သုံးဆီဈေးနှုန်းကလည်း တစ်လီတာကို ကျပ် ၃၀၀၀ ကျော်အထိ မြင့်တက်လာသလို တချို့ဒေသတွေမှာ စက်သုံးဆီရရှိရေးအတွက် ညအိပ်တန်းစီစောင့်ဆိုင်းဝယ်ယူရတဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ်အာဏာသိမ်းကာလအတွင်း မကြာခဏ စက်သုံးဆီပြတ်လပ်ပြီး ဝယ် ယူရ ခက်ခဲတာ၊ ဈေးနှုန်းမတည်ငြိမ်တာ၊ အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူနေရတာအပြင် ဈေးနှုန်းတွေကလည်း အရင်ကထက် ၅ ဆ နီးပါး မြင့်တက်လာပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-TLT

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.