သီပေါ၊ ဩဂုတ် ၁၅
တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် သီပေါမြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ငါးရက်အတွင်း အရပ်သား ၁၁ ဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၉ ရက်နေ့ကနေ ဩဂုတ် ၁၃ ရက်နေ့အထိ ငါးရက်အတွင်း သီပေါမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ နေ့စဉ်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ကျောင်းစု၊ အုတ်ကျင်း၊ တာပုတ်၊ ထုံစင့်ရပ်၊ မြို့လယ်ရပ်၊ နားလွယ်၊ မြို့ဟောင်း၊ ကုန်းဆုံရွာနဲ့ နမ့်ပေါ့ချောင်းစတဲ့ နေရာတွေမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားခုနှစ်ဦးနဲ့ အမျိုးသမီးလေးဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုအတွင်း သီလရှင်တစ်ပါးနဲ့ ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မြို့ခံပြည်သူတွေလည်း ကျောက်မဲ၊ နမ့်လန်နဲ့ ပန်လုံဘက်ကို စစ်ဘေးရှောင်နေရပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင် မြို့တွေ လက်လွှတ်ဆုံးရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ ရှုံးမဲမဲကာ ပြည်သူလူထုတွေကို ဦးတည်ကာ ပစ်မှတ်ထား တိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ TNLA က ဆိုပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ ရှမ်းမြောက်နဲ့ မန္တလေးတိုင်းက တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၇၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA