သထုံ၊ ဩဂုတ် ၁၆

မွန်ပြည်နယ် သထုံမြို့ လိပ်အင်းရပ်ကွက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအောင်ကျော်သူရဲ့ ညီဖြစ်သူနေအိမ်နဲ့ပိုင်ဆိုင်မှုတွေကို စစ်ကောင်စီ လာရောက်ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီပူးပေါင်းအဖွဲ့ဟာ သြဂုတ် ၁၅ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ ဦးအောင်ကျော်သူရဲ့ ညီဖြစ်သူ ကိုချစ်နိုင်လင်းခေါ် ကိုသားငယ်ရဲ့ ရွှေကိုးသိန်းလက်ဖက်ရည်ဆိုင်နဲ့ ဆိုင်ဖွင့်ထားတဲ့ခြံကို ချိပ်ပိတ်သွားခဲ့တာပါ။

ကိုချစ်နိုင်လင်းဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထံ ငွေကြေးထောက်ပံ့တာတွေ လုပ် ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့က ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး အဲဒီနောက် နေအိမ်နဲ့ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်ခံလိုက်ရတာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ ကိုချစ်နိုင်လင်း ဖမ်းဆီးခံရပြီးကတည်းက မိသားစုဘက်က လက် ဖက်ရည်ဆိုင် ပိတ်ထားတာဖြစ်ပြီး ဘယ်သူမှ နေထိုင်တာလည်း မရှိတော့ဘူးလို့ ဆိုပါတယ်။

ဖမ်းဆီးခံ ကိုချစ်နိုင်လင်းကို စစ်ကောင်စီဘက်က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေဖြစ်တဲ့ ၅၀ ည၊ ၅၂ က တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေထံက သိရပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ သြဂုတ် ၁ ရက်နေ့ကလည်း သထုံမြို့နယ် ကျိုက်က္ကော်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးစိုးကို ဖမ်းဆီးပြီးနောက် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ကာ နေအိမ်ကို ချိပ်ပိတ်သိမ်းဆည်းခဲ့ပါသေးတယ်။

သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့အချက်အလက်တွေအရ သထုံမြို့နယ်မှာ အာဏာသိမ်းကာလအတွင်း NLD ပါတီအမတ်တွေအပါအဝင် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ နေအိမ်အလုံး ၂၀ ထက်မနည်း ချိပ်ပိတ်ခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SBM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.