ကျိုက်ထို၊ ဩဂုတ် ၁၅
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်မွန်းစခန်းကျေးရွာ ကဒက်ချောင်းအပန်းဖြေစခန်း အရက်လာသောက်တဲ့ ရဲတပ်သားသုံးဦးကို ဖမ်းဆီးခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF သြဂုတ် ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီရဲတပ်သား သုံးဦးကို ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့က ကဒက်ချောင်းအပန်းဖြေစခန်းရှိ အရက်ဆိုင်တစ်ခုမှာ ကျိုက်ထို KRF တပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးခဲ့တဲ့ ရဲတပ်သား သုံးဦးမှာ ဝင်းထက်၊ ကောင်းထက်ကျော်၊ ကြည်သာတို့ဖြစ်ပြီး သူတို့တွေဟာ ကျိုက်ထိုမြို့မရဲစခန်းနဲ့ သထုံခရိုင်ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဖမ်းဆီးရမိထားတဲ့ ရဲတပ်သား သုံးဦးကို လိုအပ်နေတဲ့ စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်ပြီးနောက် သြဂုတ် ၁၅ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံတပ်ရင်းထံ လွှဲပြောင်းအပ်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
KRF သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဖမ်းဆီးခဲ့တဲ့ ရဲတပ်သားသုံးဦးကို ထိန်းသိမ်းဖို့ အခက်အခဲကြောင့် NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံတပ်ရင်းထံ လွှဲပြောင်းပေးခဲ့တာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဖမ်းဆီးထားတဲ့ ရဲတပ်သား သုံးဦးကို စစ်ဆေးမေးမြန်းရာမှာ သူတို့တွေဟာ အာဏာသိမ်းကာလအတွင်း ပြည်သူတွေကို ဖမ်းဆီးရာမှာပါဝင်ခဲ့တာ၊ အဲဒီထဲက နယ်ထိန်းရဲ ဝင်းထက်ဟာ နေအိမ်တွေ ချိပ်ပိတ်တာ၊ ပြည်သူတွေထံကနေ ငွေကြေးတောင်းခံတာတွေ ကျုးလွန်ခဲ့တယ်လို့ ဆိုပါတယ်။
ရဲတပ်သား သုံးဦး ဖမ်းဆီးခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ လက်အောက်ခံ မွန် ပြည်နယ်ရဲတပ်ဖွဲ့ ဘက်က လက်ရှိအချိန်အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့သေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KRF