ဆိုးလ်၊ သြဂုတ် ၁၅
အမေရိကန်နဲ့ သုံးနိုင်ငံ ဆက်ဆံရေး အားကောင်းအောင် လုပ်ဆောင်နေတာကြောင့် တောင်ကိုရီးယားနဲ့ ဂျပန်တို့မှာရှိတဲ့ ပြည်သူတွေဟာ နျူကလီးယား တိုက်ခိုက်မှုရဲ့ သားကောင်တွေ ဖြစ်သွားနိုင်တဲ့ အန္တရာယ်ရှိကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက သတိပေးလိုက်ပါတယ်။
နိုင်ငံပိုင် KCNA သတင်းဌာနရဲ့ ကြေညာချက်မှာ အမေရိကန်ရဲ့ စစ်ရေး ခြိမ်းခြောက်မှုကြောင့် မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားစစ်ပွဲ တားဆီးနိုင်ရေး အင်အားကောင်းလာအောင် လုပ်ဆောင်နေရတယ်လို့ ဖော်ပြထားပါတယ်။
အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ရဲ့ သုံးနိုင်ငံ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ပိုများလာတာကြောင့် ဒေသတွင်း သုံးပွင့်ဆိုင် လုံခြုံရေး ပြဿနာ ဖြစ်ပေါ်လာစေတယ်လို့ KCNA သတင်းဌာနက ဆိုပါတယ်။
အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ သုံးနိုင်ငံ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီမှု တစ်ရပ်ကို ပြီးခဲ့တဲ့လမှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယားအန္တရာယ်ဟာ အင်ဒို – ပစိဖိတ် ဒေသမှာ လုံခြုံရေးဆိုင်ရာ ထိပ်တန်းစိန်ခေါ်မှု ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီယို ဘလင်ကန်၊ ကာကွယ်ရေး ဝန်ကြီး အယ်လ်လွိုင်း အော်စတင်နဲ့ အမျိုးသား လုံခြုံရေးအကြံပေး ဂျိတ် ဆူလီဗန်တို့ရဲ့ ပြောဆိုမှုကိုလည်း မြောက်ကိုရီးယားက ပြစ်တင် ရှုတ်ချထားပါတယ်။
မိမိတို့ ငြိမ်းငြိမ်းချမ်းချမ်း သက်တောင့်သက်သာ နေရတော့မှပဲ အမေရိကန်လည်း ငြိမ်းငြိမ်းချမ်းချမ်း နေရလိမ့်မယ်ဆိုတာကို အမှတ်ရဖို့ လိုကြောင်း မြောက်ကိုရီးယားက ပြောပါတယ်။
အမေရိကန်-တောင်ကိုရီးယား ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွေ လာမယ့် သီတင်းပတ် စတင်တော့မယ့် အချိန်မှာ မြောက်ကိုရီးယားရဲ့ အခုလိုမျိုး ပြောဆိုမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
တောင်ကိုရီးယား နယ်စပ်မှာ နျူကလီးယား ဒုံးကျည် လွှတ်စင် ၂၅၀ ပြောင်းရွှေ့ချထားမှာ ဖြစ်ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ပြီးခဲ့တဲ့ သီတင်းပတ်က ကြေညာထားပါတယ်။
Ref:UPI