မကွေး၊ ဩဂုတ် ၁၅

မကွေးတိုင်း စလင်းမြို့နယ်မှာ နေ့စဉ်နီးပါး တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ မင်းဘူးခရိုင် ပကဖ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သြဂုတ်လ ပထမပတ်ကစပြီးတော့ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း ထိုးလာတာကြောင့် တိုက်ပွဲ ​ဖြစ်ပွားနေတာဖြစ်တယ်လို့ ဆိုပါတယ်။

“အဓိကကတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေ စိုးမိုးတဲ့နေရာ တွေကိုသူတို့ အင်အားအလုံးအရင်းနဲ့ ထိုးဖောက်ဖို့ ကြိုးစားတာပေါ့။ဘယ်လောက်ပဲ ကြိုးစားကြိုးစား သူတို့တွေ ပြန်ဆုတ်သွားရတာပါပဲ” လို့ မင်းဘူးခရိုင် ပကဖ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုအညာသားက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဘက်က သံချပ်ကာကား၊ လက်နက်ကြီးတွေသုံးပြီး အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့ပေမယ့် ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက်မှာတော့ စစ်ကြောင်း နောက်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

အဲဒီ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ဒဏ်ရာရသူတွေကိုတွဲခေါ်သွားတာမျိုးတွေ အထိနာလို့ အင်အားဖြည့်တာမျိုးတွေ ပြုလုပ်ခဲ့ပေမယ့် ထိခိုက်ကျဆုံးမှုကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

သြဂုတ် ၁၂ ရက် တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ဗိုလ်အဆင့်ရှိသူတစ်ဦးအပါအဝင် ၄ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ – စလင်းမြို့နယ်က ရဲဘော်တစ်ဦးကျဆုံးခဲ့တယ်လို့ စလင်း ပကဖက သတင်းထုတ်ပြန်ထားပါတယ်။

စလင်း ပကဖရဲ့ ထုတ်ပြန်ချက်အရ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း-ပကဖ) နဲ့ အတူ မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးအဖွဲ့၊ ဂန့်ဂေါခရိုင်တပ်ရင်း ၃၊ သရက်ခရိုင်တပ်ရင်း ၁၊ နယ်စည်းမခြားအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.