မော်လမြိုင် ၊ ဩဂုတ် ၁၅
မြန်မာငွေကြေးတန်ဖိုး ဆက်တိုက်ကျဆင်းလာမှုနဲ့အတူ ဒေါ်လာနဲ့ရွှေဈေး စံချိန်တင်မြင့်တက်လာပြီးနောက် မွန်ပြည်နယ် မော်လမြိုင်ရဲ့ အိမ်ခြံမြေဈေးကွက် အရောင်းပိတ်ထားကြတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒေါ်လာနဲ့ရွှေဈေးနှုန်းတွေဟာ ဩဂုတ်ဒုတိယပတ်အတွင်းကစတင်ပြီး မြန်မာ့သမိုင်းတစ်လျှောက် တစ်ခါမှမဖြစ်ဖူးတဲ့ အမြင့်ဆုံးဈေးနှုန်းတွေဖြစ်တဲ့ တစ်ဒေါ်လာကို ကျပ် ၇၀၀၀ ကျော်နဲ့ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ်သိန်း ၈၀ ကျော်တဲ့ အထိ ရောက်ရှိခဲ့တာပါ။
အခုလို မြန်မာ့ငွေကြေးတန်ဖိုးထိုးကျပြီး ဒေါ်လာနဲ့ရွှေဈေးနှုန်းတွေ စံချိန်တင်အမြင့်ဆုံးကို ရောက်ရှိခဲ့ပြီးနောက် ဈေးနှုန်းမတည်ငြိမ်တဲ့အတွက် အိမ်ခြံမြေဈေးကွက်အတွင်း ရောင်းချမှုတွေကို ယာယီအရောင်းပိတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကတော့ လက်ရှိအိမ်ခြံမြေဈေးကွက်အတွင်း မြေကွက်တော်တော် များများ အရောင်းပိတ်ထားပြီး အခြေအနေကို စောင့်ကြည့်နေကြတယ်လို့ ပြောပါတယ်။
“မြေကွက်တော်တော်များများတော့ အရောင်းပိတ်လိုက်တာပေါ့။ ပိတ်လိုက်တယ်ဆိုတာ ဒီငွေကို စိတ်မချတာပေါ့။ တချို့လူတွေကျတော့လည်း နောက်ငွေသားကိုင်ထားလိုက်လို့ရှိရင် ဒီရွှေဈေးတွေကထပ်တက် သွားမလား။ ဘာတွေဖြစ်မလဲ။ အဲဒီတော့လူတွေက စိုးရိမ်စိတ်ဖြစ်တဲ့ အခါကျတော့ အရောင်းအဝယ် ခဏပြန်ရပ်ထားလိုက်တာပေါ့လေ။ အိမ်ခြံမြေဈေးကတော့ ဒေါ်လာဈေးတွေ၊ ရွှေဈေးတွေ၊ ကမောက်ကမဖြစ်တဲ့ အခါကျတော့ တချို့ကလည်း မရောင်းချင်တော့ဘူး။ ဒီအတိုင်းပဲ စောင့်ကြည့်မယ်ဆိုတော့ အရောင်းပြန်ပိတ်လိုက်တာတော့ရှိတယ်”လို့ ဆိုပါတယ်။
ဒါပေမယ့် မော်လမြိုင်ရဲ့ တချို့နေရာတွေမှာတော့ အိမ်ခြံမြေရောင်းဝယ်မှု အနည်းငယ်ရှိပေမယ့် အရင်ကထက် ဈေးနှုန်း ၁၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းလောက်ထိ ဈေးပိုမိုခေါ်ယူရောင်းချတာတွေရှိတယ်လို့ သူကဆက်ပြောပါတယ်။
လက်ရှိ အိမ်ခြံမြေလာရောက် ဝယ်ယူသူတွေဟာ ပိုင်ဆိုင်မှုခိုင်မာတဲ့ မြေအမျိုးအစား မြေကွက်တွေကို ဝယ်ယူမှုများပြီး တချို့တွေအနေနဲ့ အကွက်ရိုက်ထားတဲ့ ဥယျာဉ်ခြံမြေတွေကအစ ဝယ်ယူမှုရှိတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက ပြောပါတယ်။
အိမ်ခြံမြေတွေကိုတော့ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေက ငွေကြေးတတ်နိုင်တဲ့သူတွေ လာရောက်ဝယ်ယူမှုများနေသလို လက်ရှိမြန်မာ့ငွေကြေးတန်ဖိုး ဆက်တိုက်ကျဆင်းနေတဲ့အတွက် လက်ထဲငွေကြေးမထားလိုသူတွေလည်း ဝယ်ယူမှုရှိနေတယ်လို့ သိရပါတယ်။
မော်လမြိုင်အိမ်ခြံမြေဈေးကွက်မှာ ဒေါ်လာနဲ့ရွှေဈေးနှုန်း စံချိန်တင်မြင့်တက်မှုကြောင့် ပေ ၄၀ / ပေ ၆၀ တစ် ကွက်ကို ကျပ်သိန်း ၁၂၀၀ ကနေ ကျပ်သိန်း ၆၀၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်လာပြီး အိမ်ဈေးတွေကလည်း ဈေးနှုန်းအဆမတန် မြင့်တက်နေတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ