ဘန်ကောက်၊ သြဂုတ် ၁၄
ထောင်ဒဏ်ကျခံခဲ့ဖူးတဲ့ ရှေ့နေဟောင်း တစ်ဦးကို ဝန်ကြီးများအဖွဲ့မှာ ခန့်အပ်မှုနဲ့ ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင်ကို ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက သြဂုတ် ၁၄ ရက်မှာ ရာထူးက ထုတ်ပယ်လိုက်ပါတယ်။
အိမ်ခြံမြေ လုပ်ငန်းရှင် သူဌေးကြီး ဆရီသာဟာ အဲဒီ ဖွဲ့စည်းပုံ တရားရုံး တစ်ခုတည်းက ထုတ်ပယ်တဲ့ ၁၆ နှစ်အတွင်း စတုတ္ထမြောက် ထိုင်းဝန်ကြီးချုပ် အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ကျင့်ဝတ်ဆိုင်ရာ စံချိန်စံညွှန်းနဲ့ မကိုက်ညီတဲ့ ဝန်ကြီး တစ်ဦးကို ရာထူး ခန့်ထားမှုဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ တရားရုံးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
တစ်နှစ် မပြည့်ခင် ဆရီသာကို ရာထူးကနေ ဖယ်ရှားလိုက်တာကြောင့် လွှတ်တော်အနေနဲ့ ဝန်ကြီးချုပ် အသစ်တစ်ဦး ရွေးချယ်ရေး အစည်းအဝေး ခေါ်ရမှာ ဖြစ်ပါတယ်။
တရားရုံးက အစိုးရအဖွဲ့ တော်တော်များများကို ဖြုတ်ချခဲ့ပြီး နိုင်ငံရေး ပါတီတွေကိုလည်း ဖျက်သိမ်းခိုင်းခဲ့သလို နှစ်ပေါင်းနှစ်ဆယ် အတွင်း အာဏာသိမ်းမှု အကြိမ်ကြိမ် ဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံမှာ နိုင်ငံရေး မသေမချာ ဖြစ်လာနိုင်ခြေ များနေပါတယ်။
ထိုင်းနိုင်ငံမှာ လူကြိုက်အများဆုံး အတိုက်အခံပါတီ တစ်ခု ဖြစ်တဲ့ Move Forward ပါတီကိုလည်း အဲဒီ ဖွဲ့စည်းပုံ တရားရုံးကပဲ ဘုရင့်နန်းတော် စော်ကားမှုဆိုင်ရာ ဥပဒေ ပြင်ဆင်ဖို့ ကြိုးပမ်းမှုကြောင့် ဖျက်သိမ်းခိုင်းခဲ့ပြီး ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဆရီသာရဲ့ Pheu Thai ပါတီ ဦးဆောင်တဲ့ အရင်က အစိုးရ နှစ်ရပ်ဟာလည်း အာဏာသိမ်းမှုကြောင့် ပြုတ်ကျခဲ့ရပြီး ဖြစ်ပါတယ်။
အခု တရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် ဝါရင့်နိုင်ငံရေးသမားတစ်ယောက် ဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ သူ့ရဲ့ ရန်သူတော်တွေကြား၊ ရှေးရိုးစွဲ ထိပ်တန်း လူ့မလိုင်တွေနဲ့ စစ်တပ် အသိုက်အဝန်းကြား သဘောတူညီထားမှု အပေါ် ရိုက်ခတ်မှု ရှိလာနိုင်ပါတယ်။
ဝန်ကြီးချုပ် ဆရီသာဟာ တရားရုံးကို မထီမဲ့မြင်ပြုမှုနဲ့ ခေတ္တထောင်ကျခံခဲ့ရသူ တစ်ဦးကို ဝန်ကြီးများ အဖွဲ့မှာ ရာထူး ပေးခဲ့တာကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးရဲ့ ထုတ်ပယ်တာကို ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
Ref:Reuters