နေပြည်တော် ၊ ဩဂုတ် ၁၄
စစ်ကောင်စီကို ဦးဆောင်တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဆီးပြီး စစ်ဗိုလ်ချုပ်တွေအချင်းချင်း အာဏာသိမ်းမှုဟာ ကောလာဟလသာဖြစ်တယ်လို့ စစ်ကောင်စီဘက်က ငြင်းချက်ထုတ်ပါတယ်။
မြန်မာနိုင်ငံကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ လာရောက်ဖို့ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးနောက် ဩဂုတ် ၁၃ ရက်နေ့ ညပိုင်းမှာ တပ်တွင်းအာဏာသိမ်းမှု ဖြစ်ပေါ်တယ်ဆိုပြီး လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့လာခဲ့တာပါ။
ဒီအပေါ် တိုင်းပြည်တည်ငြိမ်ရေးကို ပျက်ပြားစေဖို့ ရည်ရွယ်ချက်နဲ့ မဟုတ်မမှန် ထုတ်လွှင့်မှုသာဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တာဝန်ရှိသူတွေဟာ နိုင်ငံ့တာဝန်တွေကို တက်ညီလက်ညီ ကျေပွန်စွာ ထမ်းဆောင်နေတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
တပ်တွင်းအာဏာသိမ်းမှု သတင်းတွေ လူမှုကွန်ရက်ပေါ် စတင်ပျံ့နှံ့ခဲ့ချိန်မှာ စစ်ကောင်စီဘက်က ချက်ခြင်းမတုံ့ပြန်ခဲ့ဘဲ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံမယ့် ဒီကနေ့ကျမှသာ ထုတ်ပြောလာတာ ဖြစ်ပါတယ်။
တရုတ်အစိုးရကတော့ မြန်မာနိုင်ငံခရီးစဉ်မှာ ဘက်အသီးသီးက ဥပဒေမူဘောင်အတွင်း နိုင်ငံရေးဆွေးနွေးမှုနဲ့ သဘောထားကွဲလွဲမှုတွေကို ကောင်းမွန်စွာ ဖြေရှင်းဖို့ အပြုသဘောဆောင်တဲ့ အကူအညီတွေ ပေးအပ်သွားမယ်လို့ အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI