ကျိုက်ထို၊ ဩဂုတ် ၁၅

မွန်ပြည်နယ် ကျိုက်ထိုမြို့ တောင်ပိုင်းရပ်ကွက်နေ မောင်နှမနှစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထံ ငွေကြေးထောက်ပံ့တာတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ် လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်နေ့က မောင်ဖြစ်သူကိုပြည့်စုံထွန်းကို လမ်းမှာ ပိတ် ဆို့ဖမ်းဆီးပြီးနောက် သြဂုတ် ၁၃ ရက်နေ့မှာတော့ အမဖြစ်သူကို နေအိမ်မှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားခဲ့ပါတယ်။

ဖမ်းဆီးခံမောင်နှမနှစ်ဦးကို ကျိုက်ထိုအခြေစိုက် တပ်မ ၄၄ ဌာနချုပ် စစ်ကြောရေးမှာ စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေပြီး မိသားစုဘက်က သွားရောက်စုံစမ်းမေးမြန်းရာမှာလည်း မရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ မောင်းထုတ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။

ကျိုက်ထိုမြို့မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က စစ်မှုထမ်းအမည်စာရင်းပါရှိသူတွေကို နေအိမ်တွေမှာ လိုက်လံဖမ်းဆီးနေတဲ့အတွက် လူငယ်အများစု တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ PDF ထောက်ပို့စွပ်စွဲချက်နဲ့ ကော့စံနိုင်ရပ် ကွက် လူမှုကူညီရေးအသင်းဝင် လေးဦးအပါအဝင် ဒေသခံရှစ်ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။

ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ရဲ့ အစီရင်ခံစာအရ မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ တစ်လအတွင်း စစ်ကောင်စီရဲ့ အကြောင်းအမျိုးမျိုးပြဖမ်းဆီးမှုကြောင့် အရပ်သား ၂၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.