လားရှိုး၊ ဩဂုတ် ၁၃
မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားတဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ အကောင်အထည်ပေါ်လာစေရေးအတွက် တစ်သွေးတစ်သားတည်း အတူရှိနေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဩဂုတ် ၁၂ ရက်နေ့မှာ အသိပေးကြေညာပါတယ်။
ကိုးကန့်၊ တအာင်းနဲ့ ရက္ခိုင့်အဖွဲ့တို့ ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရရှိလာတဲ့ အောင်မြင်မှု မြို့သိမ်းတိုက်ပွဲတွေအပေါ် ဂုဏ်ပြုလွှာတွေ ပေးပို့လာကြတဲ့ အဖွဲ့အစည်းအသီးသီးနဲ လူပုဂ္ဂိုလ်တွေကို အထူးကျေးဇူးတင်ရှိတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် စစ်ဆင်ရေးနဲ့အတူ မိမိတို့ကို ထောက်ခံအားပေးတဲ့ အဖွဲ့အစည်းအသီးသီးနဲ့ အဖိနှိပ်ခံ မြန် မာပြည်သူ တစ်ရပ်လုံးကိုလည်း လေးနက်စွာ ဂုဏ်ပြုကျေးဇူးတင်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့ စစ်ဆင်ရေးရည်မှန်းချက် လက်ကျန်တွေနဲ့ မြန်မာပြည်သူတစ်ရပ်လုံး လိုလားတဲ့ စစ်အာဏာရှင် ပြုတ်ကျရေးနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ်ဖို့၊ မိမိကိုယ်ကိုကာကွယ်ဖို့နဲ့ အွန်လိုင်းလောင်းကစား လုပ်ငန်းတွေနှိမ်နင်းဖို့ အပါအဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့အတွက် ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့တာလို့ ဆိုပါတယ်။
ညီနောင်သုံးဖွဲ့ဟာ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့မှာ တစ်ကျော့ပြန်စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း ရှမ်းမြောက်က မြို့ ၇ မြို့ထက်မနည်း သိမ်းပိုက်ထားတဲ့အပြင် စစ်ကောင်စီရဲ့ အရှေ့ မြောက်တိုင်း စစ်ဌာနချုပ်ကိုလည်း သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media