ဘီးလင်း၊ ဩဂုတ် ၁၄

မွန်ပြည်နယ် ဘီးလင်းမြို့ ကန်သာယာရပ်ကွက် နောင်ရိုးကွက်သစ်အနီးရှိ မြို့ဝင်ကြေးကောက်ခံရေးဂိတ် ပစ်ခတ်ခံရတာကြောင့် ဝန်ထမ်း ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

အဲ့ဒီမြို့ဝင်ကြေးဂိတ်ကို သြဂုတ် ၁၂ ရက်နေ့ ည ၆ နာရီအချိန်ခန့်မှာ လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက် ပစ်ခတ်သွားတာပါ။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် မြို့ဝင်ကြေးဂိတ်က ဝန်ထမ်းတွေဖြစ်တဲ့ ဦးမောင်မောင်စော၊ ဦး တင်ထွန်းနိုင်၊ မောင်ပြည့်သူအောင်၊ ဒေါ်မာမာစန်းနဲ့ မအေးချစ်တုံတို့ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ မြို့ဝင်ကြေးကောက်ခံရေးဂိတ် ဝန်ထမ်းတွေကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနဲ့ ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံထံ ပို့ဆောင်ကုသပေးထားတယ်လို့ သိရပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ မြို့ဝင်ကြေးဂိတ်နဲ့ စစ်ကောင်စီဂိတ်တို့ဟာ ပေ ၁၅ ခန့်သာ ကွာဝေးပြီး ဒီပစ်ခတ်မှုဟာ မှားယွင်းပစ်ခတ်မှု ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုတာတွေ ရှိနေပါတယ်။

ဒီပစ်ခတ်မှုကို ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဘက်က လုပ်ဆောင်တာလို့ စစ်တပ်လော်ဘီတွေက ဝါဒဖြန့်ရေးသားတွေ ရှိနေပါတယ်။

မြို့ဝင်ကြေးဂိတ် ပစ်ခတ်မှုနဲ့ပတ်သက်ပြီး KNU အပါအဝင် ဒေသ PDF အဖွဲ့တွေထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းရာမှာတော့ ဖြစ်စဉ်အသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။

ဘီးလင်းမြို့နယ်မှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်စခန်းတွေနဲ့ စစ်ဆေးရေးဂိတ် မကြာခဏ တိုက်ခိုက်ခံနေရပြီး အဲဒီဖြစ်စဉ်တွေအတွင်း အရပ်သားထိခိုက်သေဆုံးတာတွေ ရှိနေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.