ထားဝယ်၊ ဩဂုတ် ၁၄

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ကျေးရွာ ၆ ရွာက ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေထံကနေ သိရပါတယ်။

အင်အား ၈၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်နေ့ကစပြီး ပကာရီကျေးရွာကနေတစ်ဆင့် ထားဝယ်ရှေ့တောဒေသထဲ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာပါ။

စစ်ကြောင်းဝင်ရောက်လာတာကြောင့် ပကာရီ၊ ပခတ်၊ သရက်ငုတ်၊ မရမ်းပင်စု၊သင်္ကန်းတုန်းနဲ့ ဝတုန်းစတဲ့ ကျေးရွာတွေက ဒေသခံပြည်သူ ထောင်နဲ့ချီနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေတဲ့ ကိုသော်လွင်အောင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဟိန္ဒားသတ္တုမိုင်းဘက်က ဖိုးလပြည့်မိုင်းတွင်းမှာ အ လုပ်လုပ်နေတဲ့ အရပ်သားပြည်သူသုံးဦးကို ဖမ်းဆီးပြီးနောက် ပြန်လည်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

အရှေ့တောဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားနေပြီး လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ ကျောက်မဲတောင်ဘက်မှာ ဆက်ရှိနေတယ်လို့ ဆိုပါတယ်။

သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့ အစီရင်ခံစာအရ တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ရှောင်ဒုက္ခသည် ၅၀၀၀၀ ကျော်အထိ ရှိလာပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-နွေဦးမေတ္တာ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.