သံတွဲ၊ ဩဂုတ် ၉
ရခိုင်ပြည်နယ် သံတွဲအကျဉ်းထောင်က ကယ်ထုတ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၄၁ ဦးကို သြဂုတ် ၆ ရက်နေ့ကစပြီး မိသားစုဝင်တွေဆီ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ဩဂုတ် ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
သံတွဲမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေနဲ့ ငပလီ (မဇင်လေဆိပ်)၊ သံတွဲဟိုတယ်ဇုန်အပါအဝင် သံတွဲအကျဉ်းထောင်ကို ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့မှာ AA က သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပြီး အကျဉ်းထောင်မှာ ပိတ်မိနေတဲ့ အကျဉ်းသား ၃၇၂ ဦး ကယ်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။
သံတွဲအကျဉ်းထောင်မှ အကျဉ်သားတွေကို ကယ်ထုတ်နေချိန် စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အကျဉ်းသား ၇ ဦးသေဆုံးခဲ့ပြီး အဲ့ဒီထဲမှာ နိုင်ငံရေးအကျဉ်းသားနှစ်ဦး ပါဝင်တယ်လို့ အသိပေးထားပါတယ်။
ရက္ခိုင့်တပ်တော် AA ကယ်ထုတ်ခဲ့တဲ့ အကျဉ်းသား ၃၇၂ ဦးထဲမှာ နိုင်ငံရေးအကျဉ်း ၄၃ ဦး ပါဝင်ပြီး အဲ့ဒီထဲမှ နှစ်ဦးဟာ လက်နက်ကြီး ထိမှန်သေဆုံးခဲ့တာကြောင့် ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား ၄၁ ဦးထဲက ကျန်းမားရေးစောင့်ရှောက်မှု လိုအပ်နေတဲ့ အကျဉ်းသား ၁၇ ဦးကို ကျန်းမားရေး စောင့်ရှောက်မှုပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကျန်ရှိနေတဲ့ အကျဉ်းသားတွေကို AA က ဆက်လက်ထိန်းသိမ်းထားပြီး ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ပြန်လည်စစ်ဆေးကာ တရားနည်းလမ်းကျကျ ကိုင်တွယ်ဆောင်ရွက်သွားမယ်လို့ AA က ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့ကလည်း လားရှိုးအကျဉ်းထောင်ကို ကိုးကန့်တပ်မတော် MNDAA က သိမ်းပိုက်ခဲ့ပြီးနောက် တအာင်းလူမျိုး အကျဉ်းသား ၁၁၈ ဦးကို TNLA ထံ လွှဲပြောင်းပေးခဲ့တယ်လို့ ဩဂုတ် ၃ ရက်နေ့မှာ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ပုံစာ – လားရှိုးထောင်က တအာင်းလူမျိုးအကျဉ်းသားတွေကို MNDAA က TNLA ထံ လွှဲပြောင်းပေးအပ်စဉ်။