နေပြည်တော် ၊ ဩဂုတ် ၁၀
ရှမ်းမြောက်တိုက်ပွဲ အရှိန်ကောင်းနေချိန် တရုတ်နိုင်ငံရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စား လှယ် မစ္စတာတိန့်ရှီကျွင်းက ဩဂုတ် ၈ ရက်နေ့မှာ စစ်ခေါင်းဆောင်ထံ လာရောက်တွေ့ဆုံပြီး မြန်မာ့အရေး ထပ်မံဆွေးနွေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးအပြီး တရုတ်နယ်စပ်မှာရှိတဲ့ လက်နက်စက်ရုံတွေရဲ့ ငွေကြေးနဲ့ နည်းပညာ ထောက်ပံ့မှုတွေကို ဆန်းစစ်သွားမယ်လို့ စစ်ခေါင်းဆောင်က ထုတ်ပြောပြီးနောက် တရုတ်အထူးကိုယ်စားလှယ်က အခုလိုလာရောက်တွေ့ဆုံခဲ့တာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ တရုတ်အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်ခေါင်းဆောင်ကို ပြောဆိုပေမယ့် တစ်ဘက်မှာ ရှမ်းမြောက်က အင်အားစုတွေကို အားပေးနေတဲ့အတွက် ထူးခြားတဲ့ရလဒ်ထွက်လာမှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။
“တရုတ်ကတော့ သူ့မူဝါဒကို ပြောမှာပေါ့ဗျာ။ ဆိုလိုတာက စားပွဲဝိုင်းထိုင်ပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တရုတ်ပြည်က မျှော်လင့်တဲ့အကြောင်း သူကပြောမှာပဲ။ တစ်ဘက်မှာတော့ လားရှိုးအပါအဝင် ရှမ်းမြောက်မှာရှိတဲ့ အင်အားစုတွေကို အားပေးနေတာပေါ့။ အဲဒီအကြောင်း မင်းအောင် လှိုင်ကိုယ်တိုင်က ထုတ်ပြောပြီးပါပြီ။ ဒါကြောင့်မို့ ရှေ့မှာပြုံးနေပေမယ့် နောက်ကျောကတော့ ဓားတွေအသင့်ဆောင်ထားကြတယ်ဆိုတာ လှမ်းမြင်နိုင်ပါတယ်ခင်ဗျ။ ဒါကြောင့် အဲဒီတွေ့ဆုံမှုကနေ ဘာမှထူးခြားတဲ့ရလဒ်တွေ ထွက်လာမယ်လို့ မယူဆပါဘူး”လို့ ဆိုပါတယ်။
စစ်ကောင်စီကတော့ သံတမန်ဆက်ဆံရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ နယ်စပ်တည်ငြိမ်ရေးနဲ့ ရွေး ကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုအခြေအနေတွေကို တရုတ်အထူးကိုယ်စားလှယ်နဲ့ ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် အွန်လိုင်းလောင်းကစားမှုနဲ့ အွန်လိုင်းလိမ်လည်မှုတွေအပါအဝင် အခြားငွေကြေးလိမ် လည်မှုနဲ့ တရားမဝင်လုပ်ငန်းတွေ နှစ်နိုင်ငံပူးပေါင်းနှိမ်နင်းရေးကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါသေးတယ်။
တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းဟာ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း မစတင်မီ တစ်ပတ်အလို ဇွန် ၁၈ ရက်နေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ လာရောက်တွေ့ဆုံခဲ့ သေးတာပါ။
အဲဒီနောက်ပိုင်း ဇွန် ၂၅ ရက်နေ့မှာတော့ ညီနောင်မဟာမိတ်အဖွဲ့ဝင် တအာင်းအဖွဲ့ TNLA ကနေ ဦးဆောင်ပြီး မဟာမိတ်တပ်တွေနဲ့အတူ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ် ရှမ်းမြောက်က မြို့ နယ်တစ်ချို့မှာ စတင်ခဲ့ပါတယ်။
ကိုးကန့်အဖွဲ့ MNDAA ကလည်း တိုင်းစစ်ဌာနချုပ်ရှိတဲ့ လားရှိုးမြို့ ကို ဇူလိုင် ၃ ရက်နေ့မှာ မဟာ မိတ်တပ်တွေနဲ့ အတူ စစ်ကောင်စီတပ်စခန်းတွေကို ဝန်းရံတိုက်ခိုက်ပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ ပါဝင်လာခဲ့ပါတယ်။
စစ်ကောင်စီအနေနဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် မကျမီ ရက်ပိုင်းအလို တရုတ်ဦးဆောင်တဲ့ ဟိုင်ဂင်သဘောတူညီချက် နောက်ဆက်တွဲအဖြစ် ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ဇူလိုင် ၃၁ ရက်နေ့မှာ ထပ် မံဆွေးနွေးဖို့ ငြင်းပယ်ခဲ့တာပါ။
အဲဒီနောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်အဖွဲ့ MNDAA နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဩ ဂုတ် ၃ ရက်နေ့မှာ အလုံးစုံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် စစ်ကောင်စီအနေနဲ့ တိုင်းစစ်ဌာနချုပ် ၁၄ ခုထဲ က တစ်ခုကို ပထမဆုံးလက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI