မော်လမြိုင် ၊ ဩဂုတ် ၁၀

ပြည်တွင်းမငြိမ်မသက်မှုနဲ့အတူ မြန်မာငွေတန်ဖိုးဆက်တိုက် ကျဆင်းနေတဲ့အတွက် ရွှေနဲ့နိုင်ငံခြား ငွေဈေးနှုန်းဟာ သြဂုတ်လ ဒုတိယအပတ်အတွင်း သမိုင်းတစ်လျှောက် တစ်ခါမှမဖြစ်သေးတဲ့ စံ ချိန်တင်ဈေးနှုန်းမြင့်တက်လာတာပါ။

ဇူလိုင်လပထမအပတ်က တစ်ဒေါ်လာ ကျပ် ၄၅၀၀ ဝန်းကျင်သာ ရှိနေတဲ့ အမေရိကန်ဒေါ်လာဈေးဟာ သြဂုတ် ၉ ရက်နေ့မှာ ကျပ် ၆၀၀၀ ဝန်းကျင်အထိ စံချိန်တင်ဈေးနှုန်းမြင့်တက်လာတာပါ။

ထိုင်းဘတ်ငွေဈေးက တစ်ဘတ်ကို ကျပ် ၁၆၀ ဝန်းကျင်အထိ ဈေးနှုန်းထိုးတက်လာသလို တခြားနိုင်ငံခြားငွေဈေးတွေကလည်း စံချိန်တင်ဈေးနှုန်းတွေ ဖြစ်လာခဲ့ပါတယ်။

အလားတူ ပြည်တွင်း မီးလင်းအခေါက်ရွှေကလည်း တစ်ကျပ်သား ကျပ် ၇၂ သိန်းကျော်အထိ ဈေး နှုန်းမြင့်တက်လာပေမယ့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက တစ်ကျပ်သား ကျပ် ၄၆ သိန်း ရည်ညွှန်းဈေးနှုန်းသတ်မှတ်ထားပါတယ်။

စီးပွားရေးပညာရှင်တစ်ဦးကတော့ နိုင်ငံခြားငွေဈေးနှုန်းတွေ မြင့်တက်လာရတာဟာ နိုင်ငံခြားငွေ ရှားပါးလာမှုကြောင့်ဖြစ်ပြီး မြန်မာ့စီးပွားရေးပြဿနာကို နိုင်ငံရေးရှုထောင့်ကနေ မဖြစ်မနေဖြေရှင်းရမယ့် အခြေအနေဖြစ်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“နိုင်ငံခြား ငွေဈေးတက်တယ်ဆိုတာ နိုင်ငံခြားငွေတွေရှားလို့ပေါ့၊ အဲဒါကြောင့် ငွေဈေးတက်တာဆိုတော့ ပို့ကုန်များများ ပို့နိုင်မလား။ ဒါမှမဟုတ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ များများဖိတ်ခေါ်နိုင်မလား။ ဒါမှမဟုတ် နိုင်ငံခြားရောက်နေတဲ့ ကိုယ့်ရဲ့ ကိုယ့်နိုင်ငံသားရဲ့ ပြန်ပို့ငွေတွေကို များများပိုပြီးတော့ အသုံးပြုနိုင်မလား။ အခုအခြေအနေက တစ်နှစ်ထက်တစ်နှစ် ဆိုးပြီးရင်းဆိုး ဖြစ်နေပြီပေါ့နော်။ ဒီစီးပွားရေး ရှုထောင့်တစ်ခုတည်းကနေပြီးတော့ သွားပြီးဖြေရှင်းလို့မရဘူး။ နိုင်ငံရေးကို မဖြစ်မနေဖြေရှင်းမှပဲ အဖြေရှာမှပဲ ဒီဟာက ပြေလည်မယ့်သဘောရှိတယ်လို့ပဲ ပြောချင်ပါတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိဒေါ်လာနဲ့ ရွှေဈေးနှုန်း မြင့်တက်လာရတာဟာ ကျပ်ငွေတွေအပေါ် ပြည်သူက ယုံ ကြည်မှုမရှိတဲ့အတွက် တခြားအစားထိုး နိုင်ငံခြားငွေနဲ့ ရွှေတွေကို ဝယ်ယူစုဆောင်မှု များတာကြောင့် ဖြစ်သလို စစ်ကောင်စီဘက်က ဒေါ်လာနဲ့ ရွှေလုပ်ငန်းရှင်တွေကို လိုက်လံဖမ်းဆီးယုံနဲ့ ဈေးနှုန်းကျဆင်းလာဖို့ မရှိဘူးလို့ သူကထောက်ပြပါတယ်။

ရွှေနဲ့နိုင်ငံခြားငွေဈေးနှုန်းတွေ စံချိန်တင်မြင့်တက်လာတဲ့အတွက် ဈေးကွက်အတွင်း အရောင်းအ ဝယ် ရပ်နားတာတွေရှိနေပြီး ငွေကြေးချမ်းသာသူတွေက မှောင်ခိုဈေးကွက်မှာ ဈေးနှုန်းအဆမတန်ပေး ဝယ်ယူတာတွေ ရှိနေတယ်လို့ သိရပါတယ်။

အာဏာသိမ်းမှုကြောင့် မရေရာ မသေချာမှုတွေ ဆိုးဆိုးဝါးဝါး ကျဆင်းနေတဲ့ မြန်မာ့စီးပွားရေးဟာ ဒေါ်လာငွေလိုအပ်ချက် ကြီးမားလာမှုနဲ့အတူ မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာတဲ့အတွက် သမိုင်းတလျှောက် မကြုံဖူးတဲ့အခြေနေနဲ့ ရင်ဆိုင်နေရတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.