ရေး ၊ သြဂုတ် ၁၀
မွန်ပြည်နယ် ရေးမြို့နယ် မြို့ဟောင်းကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၆ ဦး သေဆုံးခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD က သတင်းထုတ်ပြန်ပါ တယ်။
သြဂုတ် ၈ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ တပ်အင်အား ၁၂၀ ကျော်ပါတဲ့ စစ်ကောင်စီတပ် စစ် ကြောင်းထိုးလာတဲ့အတွက် မွန်ပြည်သစ် AD ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
အချိန် ၆ နာရီကျော်ကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၆ ဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိသလို မွန်ပြည်သစ် AD ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦးကျဆုံးခဲ့ပါတယ်။
အဲဒီတိုက်ပွဲပြီးနောက် သြဂုတ် ၉ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ စစ်ကောင်စီ စစ်ကြောင်းဟာ မြို့ဟောင်းကျေးရွာကနေ ပြန်လည်ဆုတ်ခွာသွားတယ်လို့ မွန်ပြည်သစ်ပါတီ AD ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တိုက်ပွဲအတွင်း မွန်ပြည်သစ်ပါတီ AD ပူးပေါင်းတပ်ဖွဲ့ဘက်က ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦး ကျဆုံးခဲ့ရပါတယ်။
ဒေသခံတွေရဲ့ပြောပြချက်အရ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ မြို့ဟောင်းကျေးရွာက ဒေသခံပြည်သူပိုင်ကားနှစ်စီးနဲ့ နေအိမ်လေးလုံး မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲကြောင့် မြို့ဟောင်း၊ သာကတိုက်နဲ့ ဘဲလမူကျေးရွာတွေက ဒေသခံပြည်သူတွေ နေ ရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်ရဲကြသေးပါဘူး။
စစ်ကောင်စီတပ်ဟာ သံဖြူဇရပ် – ရေး – ထားဝယ်လမ်းပိုင်း ပြန်လည်ထိန်းချုပ်နိုင်ဖို့ ပြီးခဲ့တဲ့ဇူ လိုင်လကစပြီး စစ်ကြောင်းထိုးနေတဲ့အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MNSP-AD/SAC Telegram