ဟနွိုင်း၊ ဩဂုတ် ၉

ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနက သူ့နိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံ၊ အရှေ့အလယ်ပိုင်းနဲ့ ဘင်္ဂလားဒေ့ချ်နိုင်ငံတွေမှာရှိတဲ့ ပဋိပက္ခဖြစ်ပွားရာဒေသတွေ၊ မတည်ငြိမ်ဖြစ်နေတဲ့ ဒေသတွေကနေ နေရာပြောင်းရွှေ့ကြဖို့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဒိုအန်ခါဗီယက်က အဲဒီဒေသတွေမှာ သူတို့နိုင်ငံသားတွေရဲ့ ကာကွယ်ရေးအတွက် ဆောင်ရွက်မှုတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို အခုလို တုံ့ပြန်ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ဗီယက်နမ်နိုင်ငံသားတွေကို အကာအကွယ်ပေးရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ မလိုအပ်ဘဲ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်လိုမျိုး ရှုပ်ထွေးမှုတွေရှိနေတဲ့ ဒေသတွေဆီ သွားလာမှုကို ရှောင်ကြဉ်ကြဖို့ အကြံပေးတိုက်တွန်းထားပါတယ်။ အဲဒီဒေသတွေကို ရောက်ရှိနေတဲ့ နိုင်ငံသားတွေ အနေနဲ့လည်း အမြန်ဆုံး ပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်တာ၊ ဗီယက်နမ်နိုင်ငံဆီ ပြန်လာတာ၊ ဘေးကင်းတဲ့နေရာတွေကို သွားရောက်တာမျိုးအတွက် ချက်ချင်း စီစဉ်လုပ်ဆောင်ပေးသွားမယ်လို့လည်း ထုတ်ပြန်ချက်ထဲ ဖော်ပြပါတယ်။

မြန်မာ၊ ဘင်္ဂလားဒေ့ချ်နဲ့ အရှေ့အလယ်ပိုင်းဒေသ ဗီယက်နမ် သံရုံးတွေအနေနဲ့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာပြီး သူတို့နိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံမှုအတွက် ဒေသဆိုင်ရာ အာဏာပိုင်တွေကို တောင်းဆိုမှုတွေ လုပ်ထားတယ်လို့လည်း ဆိုပါတယ်။ တကယ်လို လိုအပ်လာမယ်ဆိုရင် ဗီယက်နမ် ကိုယ်စားလှယ်ရုံးတွေက သူတို့နိုင်ငံသားတွေကို ကာကွယ်ဖို့အတွက် အစီအမံတွေ ဖန်တီး ဖော်ဆောင်တာမျိုး လုပ်ဖို့ လိုအပ်တယ်လို့လည်း ဖော်ပြပါတယ်။

အဲဒီဗီယက်နမ် ကိုယ်စားလှယ် ရုံးတွေအနေနဲ့လည်း နိုင်ငံသားတွေ ဘေးကင်းတဲ့ နေရာတွေဆီ ရွှေ့ပြောင်းတဲ့နေရာမှာ အကြံဉာဏ်ပေးတာ၊ ကူညီပေးတာ၊ အများပြည်သူသိသင့်တဲ့သတင်းအချက်အလက် ကမ်ပိန်းတွေ ဖော်ဆောင်တာ၊ အနီးကပ်ဆက်ဆံရေး လုပ်ဆောင်တာမျိုး လုပ်သင့်တယ်လို့လည်း ဆိုပါတယ်။

အဲဒီဒေသတွေရောက်နေတဲ့ အကူအညီလိုအပ်တဲ့ ဗီယက်နမ်နိုင်ငံသားတွေအနေနဲ့ အဲဒီနိုင်ငံတွေမှာရှိတဲ့ ဗီယက်နမ်ကိုယ်စားလှယ်ရုံးတွေရဲ့ အရေးပေါ် ဖုန်းနံပါတ်တွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ကောင်စစ်ဝန်ဦးစီးဌာနရဲ့ အရေးပေါ်ဖုန်းနံပါတ်တွေဆီ ဆက်သွယ်နိုင်ကြောင်းလည်း အကြံပြုထားပါတယ်။

Ref:vietnamnews

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.