ဒါကာ၊ သြဂုတ် ၉
သီတင်းပတ်များစွာကြာ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီး ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာ အိန္ဒိယနိုင်ငံကို ထွက်ပြေးသွားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ချ်နိုင်ငံကို ဦးဆောင်မယ့် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် မူဟာမက် ယူနာ့စ် ဦးဆောင်တဲ့ အိမ်စောင့်အစိုးရအဖွဲ့ဟာ သြဂုတ် ၈ ရက်မှာ ကျမ်းသစ္စာကျိန်ဆိုလိုက်ပြီဖြစ်ပါတယ်။
ဆင်းရဲသားများအတွက် ဘဏ်လုပ်ငန်းရှင်လို့ လူတွေ သိထားကြတဲ့ ပါမောက္ခ ယူနာ့စ်ဟာ ကမ္ဘာမှာ အသေးစား ချေးငွေလုပ်ငန်းကို ပထမဆုံး လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။
ပါမောက္ခ ယူနာ့စ် ဘဏ်တွေက အလေးမထားကြတဲ့ ကျေးလက်နေ ဆင်းရဲသားတွေ အတွက် ချေးငွေ ထုတ်ပေးပြီး လူသန်းပေါင်းများစွာကို ဆင်းရဲမွဲတေမှုက လွတ်မြောက်အောင် Grameen Bank ကို တည်ထောင်ပြီး ကူညီပေးခဲ့တာကြောင့် ၂၀၀၆ ခုနှစ်မှာ နိုဗယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့ပါတယ်။
ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် သူဟာ အိမ်စောင့်အစိုးရရဲ့ အကြံပေး ပုဂ္ဂိုလ်အနေနဲ့ နိုင်ငံ ပြန်လည် တည်ငြိမ်အောင် လုပ်ပေးရမှာ ဖြစ်သလို လွှတ်တော် ရွေးကောက်ပွဲ တစ်ရပ် ကျင်းပပေးဖို့လည်း တာဝန်ရှိနေပါတယ်။
ရက်စက်တဲ့ အာဏာရှင်ဆန်တဲ့ အစိုးရကတော့ သွားပါပြီလို့ သူက အစိုးရအဖွဲ့ ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ပြောကြားခဲ့တဲ့ ရုပ်သံမိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။
နောက်တစ်နေ့ နေထွက်တာနဲ့ ဒီမိုကရေစီ၊ တရားမျှတရေး၊ လူ့အခွင့်အရေးတွေ အကြောက်အရွံ့မရှိ လွတ်လပ်စွာ သဘောထား ဖော်ပြခွင့်တို့ကို ပြည်သူအားလုံး ခံစားကြရမှာ ဖြစ်ပါတယ်။ အဲဒါက ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်လို့ ပါမောက္ခ ယူနာ့စ်က ပြောခဲ့ပါတယ်။
ပါရီမြို့မှာ ဆေးကုသမှု ခံယူပြီး ဒါကာသို့ ပြန်ရောက်လာချိန်မှာ ယူနာ့စ်က သူ့ကို ယာယီ အစိုးရအဖွဲ့ ခေါင်းဆောင်ဖြစ်လာအောင် ထောက်ခံ အားပေးခဲ့ကြတဲ့ ကျောင်းသားတွေရဲ့ လမ်းညွှန်မှုနဲ့ နိုင်ငံကို အုပ်ချုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ကျောင်းသားတွေရဲ့ စွန့်လွှတ် အနစ်နာခံမှုတွေကိုလည်း မေ့ထားလို့ မရဘူးလို့ သူက ဆန္ဒပြပွဲအတွင်း ပစ်ခတ်ခံခဲ့ရတဲ့ ကျောင်းသား တစ်ယောက်ကို ရည်ညွှန်းပြီး ပြောကြားပါတယ်။
ဝန်ကြီးချုပ် ဟာဆီနာ ထွက်ပြေးသွားပြီးနောက် ဟိန္ဒူ ဘာသာဝင်တွေရဲ့ အိမ်တွေ ဘုရားကျောင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ရာနဲ့ချီပြီး ဖျက်ဆီးခံခဲ့ရပါတယ်။
လူနည်းစုဝင်တွေဟာ အိန္ဒိယသို့ ထွက်ပြေးဖို့ ကြိုးပမ်းခဲ့ကြပေမယ့် မအောင်မြင် ဖြစ်ခဲ့ပါတယ်။
ဟာဆီနာရဲ့ သားကတော့ မိခင် ဖြစ်သူရဲ့ Awami League (အဝါမီလိဂ်) ပါတီ အနေနဲ့ လက်လျှော့ဦးမှာ မဟုတ်ဘဲ အတိုက်အခံတွေ အပြင် ယာယီအစိုးရနဲ့ ညှိနှိုင်းမယ်လို့ ဖေ့စ်ဘွတ်ခ်မှာဖော်ပြထားပါတယ်။
Ref:Reuters