ကွတ်ခိုင်၊ ဩဂုတ် ၇

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကို စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆိုင်ခန်းပေါင်း ၄၀၀ ကျော် မီးလောင်ပျက်စီးခဲ့သလို သေဆုံးသူ ၆ ဦးအထိရှိလာတယ်လို့ တအောင်းတပ်မတော် TNLA က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကွတ်ခိုင်မြို့ကို ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ကနေ လေကြောင်းနဲ့ ၄ ကြိမ်ထက်မနည်း ပေါင် ၅၀၀ ဗုံး ၇ လုံးကြဲချတိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီရဲ့ ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့ ရပ်ကွက် ၅ နဲ့ ရပ်ကွက် ၈ ရှိ ဒေသခံပြည်သူ ၆ ဦး ဗုံးစထိမှန်သေဆုံးခဲ့ပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကွတ်ခိုင်မြို့မဈေးရှိ ဆိုင်ခန်းပေါင်း ၄၀၁ ခန်းလည်း ဗုံးပေါက်ကွဲမှုကြောင့် မီးလောင်ပျက် စီးခဲ့ကာ အရပ်သားနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဗုံးကြဲချမှုကြောင့် မီးလောင်သွားတဲ့ မြို့မဈေးကို PSLF/TNLA ရဲ့ ကွတ်ခိုင် မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်နိုင်ခဲ့ပြီး ဈေးအတွင်းရှိ ပစ္စည်းတွေ ခိုးဆိုးလုယက်မှုတွေ မရှိစေဖို့ TNLA တပ်ဖွဲ့က လုံခြုံရေးယူထားပေးတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လာရောက်ဗုံးကြဲခဲ့တဲ့ ကွတ်ခိုင်မြို့ကို ၁၀၂၇ စစ်ဆင်ရေးပထမအပိုင်းမှာ တအာင်းတပ်မတော် TNLA က သိမ်းပိုက်ရရှိခဲ့ပြီး TNLA အုပ်ချုပ်စတင်နေတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.