အန်နာပိုလစ်၊ သြဂုတ် ၇
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှု ပိုမိုကျယ်ပြန့်လာနေချိန်မှာပဲ အမေရိကန်က မဟာမိတ်အစ္စရေးကို တိုက်ရိုက်အကျဆုံး သတိပေးမှုအဖြစ် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က အီရန်နဲ့ အစ္စရေး နှစ်နိုင်ငံစလုံးအနေနဲ့ ပဋိပက္ခ အရှိန်မြင့်တက်လာနိုင်တဲ့ လုပ်ရပ်တွေကို ရှောင်ရှားသင့်တယ်လို့ သြဂုတ် ၆ ရက်မှာ ပြောဆိုလိုက်ပါတယ်။
“ဒီပဋိပက္ခကို အရှိန်မြင့်တက်လာအောင် တစ်ယောက်မှ မလုပ်သင့်ပါဘူး။ မဟာမိတ်တွေ လက်တွဲဖော်တွေနဲ့ အတူ ကျွန်တော်တို့ သံတမန်ရေးအရ အပြင်းအထန် ကြိုးပမ်းနေပြီး အီရန်ဆီ အဲဒီသတင်းစကားကို တိုက်ရိုက် ပေးပို့ထားပါတယ်။ အစ္စရေးဆီကိုလည်း အဲဒီသတင်းစကား တိုက်ရိုက်ပေးပို့ထားပါတယ်” လို့ ဝန်ကြီး ဘလင်ကန်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
မြို့တော် တီဟီရန်မှာ ဟားမာ့စ်အဖွဲ့ရဲ့ နိုင်ငံရေး ခေါင်းဆောင် အစ္စမေးလ် ဟာနီယာကို အစ္စရေးက သုတ်သင် ရှင်းလင်းခဲ့ပြီးနောက် အီရန်က လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။
၁၀ လကြာ ဂါဇာစစ်ပွဲ အတွင်း အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေ အခြေအနေ တိုးတက်လာဖို့ မျှော်လင့်ထားချိန်မှာ ဖြစ်ပွားခဲ့တဲ့ လုပ်ကြံသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ စိတ်ပျက်မိကြောင်း အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကို အရိပ်အမြွက် ပြောဆိုထားပါတယ်။
အကြမ်းဖက်အဖွဲ့တွေ ဒါမှမဟုတ် သူတို့ကို ထောက်ပံ့ထားသူတွေရဲ့ တိုက်ခိုက်မှုကနေ အစ္စရေးကို မိမိတို့ ကာကွယ်ပေးသွားမှာ ဖြစ်ပြီး မိမိတို့ တပ်ဖွဲ့ဝင်တွေကိုလည်း ဆက်လက် ကာကွယ်ပေးသွားမှာ ဖြစ်တယ်လို့ ဝန်ကြီး ဘလင်ကန်က ပြောပါတယ်။
ဒါပေမဲ့ ဒေသတွင်းရှိ လူတိုင်း နားလည်ထားကြရမှာက နောက်ထပ် တိုက်ပွဲတွေ ဖြစ်ပွားရင် ပဋိပက္ခ အခြေအနေ ပိုမိုဆိုးရွားလာမယ်ဆိုတာပဲ ဖြစ်တယ်လို့ ဝန်ကြီး ဘလင်ကန်က ဖြည့်စွက် ပြောကြားထားပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး အယ်လ်လွိုင်း အော်စတင်က အမှား တစ်ခုမှ မလုပ်မိကြဖို့၊ ဒေသတွင်းက တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရရင် အမေရိကန်က သည်းခံနေမှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက အီရတ်ရှိ လေတပ်အခြေစိုက်စခန်း တစ်ခု တိုက်ခိုက်ခံရမှုအတွင်း အမေရိကန်တပ်ဖွဲ့ဝင် အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကို အီရန်လိုလားတဲ့ ရှီးဟိုက် တိုက်ခိုက်ရေး သမားတွေက ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန်က သံသယ ရှိနေပါတယ်။
Ref:AFP