လားရှိုး ၊ ဩဂုတ် ၈
အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ ပေါ်ပေါက်လာတဲ့ မြို့သိမ်းစခန်းသိမ်း ထိုးစစ်တွေကို ရှုံးပွဲဆက် တိုက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုအားထား အသုံးပြုလာနေပါတယ်။
ရှမ်း-မန်း စစ်ဆင်ရေးအဖြစ် တစ်ကျော့ပြန်ခဲ့တဲ့ ၁၀၂၇ ဒုတိယလှိုင်းအတွင်း စစ်တပ်ဝင့်ကြွားလေ့ရှိတဲ့ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးခဲ့ရသလို မြို့နယ်တချို့ကိုလည်း လက် လွှတ်ခဲ့ရတာပါ။
ဒီအပေါ် စစ်ကောင်စီက ရှမ်းမြောက်မှာ တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေအပါအဝင် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းမှာ လက်လွှတ်ခဲ့ရတဲ့ လောက်ကိုင်၊ သိန္နီ၊ ကွတ်ခိုင်နဲ့ နမ့်ဆန်မြို့တွေကိုပါ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
CDM လေတပ် တပ်ကြပ်ကြီးဇေယျက စစ်ကောင်စီအနေနဲ့ လေကြောင်းတစ်ခုပဲ အားကိုးရာရှိတဲ့အတွက် မဆိုင်တဲ့မြို့တွေ ရွာတွေကို တမင်သက်သက် ဗုံးကြဲဖျက်ဆီးတာဟာ ရှုံးမဲ မဲတာလို့ ဝေဖန်ပါတယ်။
“သူတို့က တကယ်တမ်းအားကိုးရာ လေတပ်တစ်ခုပဲရှိတယ်။ လေကြောင်းတစ်ခုပဲ ရှိတဲ့အတွက် သူတို့အားကိုးတဲ့ လေကြောင်းနဲ့ပဲ ရှမ်းမြောက်မှာ မဆိုင်တဲ့ မြို့တွေ ရွာတွေ တခြားတိုင်းရင်းသားတွေ သိမ်းပြီးသားမြို့ တွေကို တမင်သက်သက် ဗုံးကြဲဖျက်ဆီးတာပေါ့။ ဒါကမင်းတို့ မြို့သိမ်းရင် ဒါမျိုးဖြစ်မယ်ဆိုတဲ့ဟာမျိုး လုပ်တာ။ နောက်သူတို့လုပ်နိုင်တာ အဲဒီတစ်ခုပဲရှိတဲ့အတွက် ရှုံးမဲ မဲပြီးတော့ တမင်သက်သက် လျှောက်ပြီးလုပ်တာ”လို့ ဆိုပါတယ်။
တအာင်းတပ်မတော် TNLA ရဲ့ ထုတ်ပြန်ချက်အရ ဩဂုတ် ၅ ရက်နေ့ ညနေ ၃ နာရီမှာ တိုက်ပွဲဖြစ် ပွားခြင်းမရှိတဲ့ ကွတ်ခိုင်မြို့ကို စစ်ကောင်စီရဲ့ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးကြဲချမှုကြောင့် အ ရပ်သား ၆ ဦး သေဆုံး ပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ကွက်ခိုင်မြို့မဈေးက ဆိုင်ခန်းပေါင်း ၄၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရသလို အရပ်သားနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ရပါသေးတယ်။
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ယိင်းလျန်းဟန်ကတော့ အခုလိုမျိုး တိုက်ခိုက်နေတာဟာ စစ်ကောင်စီက သူနိုင်တဲ့ပြည်သူကို ရှုံးမဲ မဲတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒီလိုမျိုး လုပ်လာတာကတော့ ရှုံးမဲ မဲတာပေါ့၊ သူတို့မနိုင်လို့ နိုင်တဲ့ပြည်သူတွေကိုသွားပြီး လေ ကြောင်းနဲ့ တိုက်ခိုက်တယ်။ ဗုံးကြဲတယ်။မြို့ ကိုဖျက်ဆီးချင်တဲ့အတွက်လို့ ကျွန်မအနေနဲ့ မြင်ပါတယ်ရှင့်”လို့ ဆိုပါတယ်။
MNDAA နဲ့ TNLA ရဲ့ အချက်အလက်တွေအရ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း စတင်ခဲ့တဲ့ ဇွန် ၂၅ ရက်နေ့ကနေ ဩဂုတ် ၅ ရက်နေ့အထိ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၁၅၀ ကျော် သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီအနေနဲ့ မန္တလေးက မိုးကုတ်မြို့အပါအဝင် ရှမ်းမြောက်ရှိ လားရှိုး၊ လောက်ကိုင်၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ဆန်၊ ကျောက်မဲ၊ နောင်ချို၊ သီပေါနဲ့ မိုးမိတ်မြို့ တွေမှာ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေ ကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့တာပါ။
ISP-Myanmar ရဲ့ အချက်အလက်တွေအရ ၁၀၂၇ စစ်ဆင်ရေး မစတင်မီ စစ်ကောင်စီရဲ့ လေ ကြောင်းတိုက်ခိုက်မှုဟာ ကြိမ်ရေ ၂၀၀၀ ကျော်ရှိခဲ့ရာကနေ စစ်ဆင်ရေးအလွန် ကိုးလတာအတွင်း ကြိမ်ရေ ၃၈၀၀ ထက်မနည်း တိုးလာခဲ့တာ ဖြစ်ပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ကတော့ ထိတွေ့တိုက်ပွဲတွေမှာ အရေးမလှစစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ မြို့ရွာတွေမှာရှိတဲ့ ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်ပြီး ကြီးလေးတဲ့ စစ်ရာဇဝတ်မှုတွေကို ပြောင် ပြောင်တင်းတင်း ကျူးလွန်နေတာလို့ ဆိုပါတယ်။
ဒါကြောင့် ရှမ်းမြောက်နဲ့ ရခိုင်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပစ်မှတ်တွေအပေါ် ဦးတည်တိုက်ခိုက်နေတဲ့ စစ်ကောင်စီလုပ်ရပ်ကို တားဆီးပေးပို့ ညီနောင်မဟာမိတ်သုံးဖွဲ့က တရုတ်နိုင်ငံကို တောင်းဆိုထားတာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီရဲ့လုပ်ရပ်ကို တားဆီးဖို့ ကုလသမဂ္ဂကလည်း မလုပ်နိုင်သလို လုံခြုံရေးကောင်စီမှာ တရုတ်နဲ့ ရုရှားက ကြီးစိုးနေတဲ့အတွက် ဆုံးဖြတ် ချက်မှန်သမျှ ပယ်ချနေတာလို့ ထောက်ပြပါတယ်။
“သူကတော့ သူကျဆုံးခါနီးအထိ အဆုံးတိုင်လုပ်သွားမယ့် သဘောပါပဲ။ ဒါပေမယ့်ဒါတွေ တားဆီးဖို့ဆိုတာ လက်ရှိနိုင်ငံတကာအဖွဲ့အစည်းတွေထဲမှာ ဘယ်အဖွဲ့မှ မလုပ်ကိုင်ကြပါဘူး။ ကုလသမဂ္ဂကလည်း မလုပ်နိုင်ဘူး။ အဲဒီမှာ နိုင်ငံအများစုက မြန်မာပြည်လူထုဘက်က ထောက်ခံပါတယ်။ အ ကြမ်းဖက်မှုကို ရပ်ဖို့ပြောတယ်၊ မင်းအောင်လှိုင် မရပ်ပါဘူး။ မရပ်တော့လည်း ဘာမှလုပ်လို့ မရပါဘူး။ လုံခြုံရေးကောင်စီမှာ တရုတ်နဲ့ရုရှားက ကြီးစိုးနေတဲ့အတွက် ကုလသမဂ္ဂဆုံးဖြတ်ချက်မှန်သမျှ သူတို့ကပယ်ချနေတာပါ”လို့ ဆိုပါတယ်။
တစ်ဘက်မှာ အာဆီယံကလည်း အဖွဲ့ဝင်အားလုံးသဘောတူညီမှုရမှ ဆုံးဖြတ်ချက်ချတာဖြစ်တဲ့အတွက် စစ်ကောင်စီက ကျည်နဲ့လေယာဉ်ဆီရှိနေသရွှေ့ အကြမ်းဖက်မှုတွေကို ထင်တိုင်းကြဲနေတာလို့ သူက မှတ်ချက်ပြုပါတယ်။
စစ်ကောင်စီကတော့ နိုင်ငံအနှံ့ တိုက်ပွဲဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းသွားမယ်လို့ စစ်ခေါင်းဆောင် ကိုယ်တိုင် ကြွေးကြော်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-TNLA