ရေး၊ ဩဂုတ် ၈

မွန်ပြည်နယ် ရေးမြို့နယ် သံဖြူဇရပ်-ရေးလမ်းပိုင်းအနီးက ကျေးရွာတွေမှာ KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်စစ်ရေးတင်းမာနေတာကြောင့် ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ သံဖြူဇရပ်-ရေး-ထားဝယ်လမ်းပိုင်း ပြန်လည်စိုးမိုးနိုင်ရေးအတွက် ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး တပ်အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ အဲ့ဒီလမ်းပိုင်းက ကျေးရွာတွေဖြစ်တဲ့ နှစ်ကရင်၊ မော့ကနင်၊ နှင်းစုံကျေးရွာထိပ်တွေမှာ ဝင်ရောက်တပ်စွဲထားပါ။

စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲမှုကြောင့် တိုက်ပွဲတွေ ပြင်းထန်လာမှာကို စိုးရိမ်‌တဲ့အတွက် နှင်းစုံ၊ စံပြနဲ့ ဒုံဖီ ကျေးရွာတွေက ဒေသခံထောင်နဲ့ချီ လမိုင်းမြို့ပေါ်နဲ့ဘေးလွတ်ရာနေရာကို တိမ်း ရှောင်နေကြရပါတယ်။

စစ်ရှောင်ဒေသခံတွေရဲ့ ပြောပြချက်အရ တိမ်းရှောင်လာသူ‌တွေထဲမှာ သက်ကြီးပိုင်း ၊ ကလေးနဲ့ အမျိုးသမီးတွေ အများဆုံးပါဝင်ပြီး အမျိုးသားတချို့ အိမ်စောင့်အဖြစ် ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့ သံဖြူဇရပ် – ရေး လမ်းပိုင်းကို တော်လှန်ရေးတပ်ဖွဲ့တွေကလည်း လမ်းပိုင်းလုံခြုံရေး စစ်ဆေးရေးမှုတွေ လုပ်ဆောင်နေသလို ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့ကလည်း သံဖြူဇရပ် – ရေးလမ်းပိုင်းတည်ရှိရာ လိ‌မ္မော်ခြံကျေးရွာအနီး တိုက်ပွဲဖြစ်ပွား ခဲ့ပြီး အဲ့ဒီတိုက်ပွဲအတွင်း ဒေသခံ နှစ်ဦး လက်နက်ကြီးကျည်ထိမှန် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ရာမညအင်စတီကျူနိုင်ငံရေးသုတေသနဌာနရဲ့ အစီရင်ခံစာအရ မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လတစ်လ အ တွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၃၀၀၀ ထက်မနည်း နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-TLT

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.