မကွေး၊ ဩဂုတ် ၇
မကွေးတိုင်း မြိုင်မြို့နယ် ကိုင်းတောမရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနဲ့ စစ်သားတွေ စခန်းကိုစွန့်ခွာထွက်ပြေးသွားတယ်လို့ ပြည်သူ့ ဒီမိုကရက်တစ်တပ်တော် People Democratic Army (PDO/PDA) ထံက သိရပါတယ်။
သြဂုတ် ၃ ရက်နေ့က ကိုင်းတောမစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဩဂုတ် ၇ ရက်နေ့မှာ အဲဒီစစ်ကောင်စီတပ်သားတွေက စခန်းစွန့်ခွာထွက်ပြေးသွားတာပါ။
“ရန်သူက ကြောက်ဒူးတုန်ပြီ ထွက်ပြေးသွားတာပေါ့ဗျာ သူတို့မပြေးလည်း ကျွန်တော်တို့က ပေးဆပ်ထားရတာမလို့ အကုန်လုံးကို ချေမှုန်းရေးလုပ်မှာပါပဲ ဒီလိုစခန်းကိုရရှိခဲ့တော့ သူတို့အကြမ်းဖက်နှိပ်စက်တဲ့ဒဏ်ကိုမခံနိုင်လို့ ကိုယ့်အိုးအိမ်ကို စွန့်ခွာနေရတဲ့ ရွာ(၄) ရွာ အိမ်ခြေ ၅ ထောင်လောက်က အခုတော့ အဆင်ပြေပြေနေနိုင်ပြီဖြစ်လို့ ကျွန်တော်တို့ကတော့ ကျေနပ်ပီတိ ဖြစ်ရပါတယ်။ ကျွန်တော်တို့ကအဖိနှိပ်ခံပြည်သူအတွက်အမြဲအလုပ်အကျွေးပြုနေမှာပါ” လို့ PDO/PDA ရဲ့ နိုင်ငံရေးတာဝန်ခံ ရဲဘော်လပြည့်က သံလွင်တိုင်းမ်ကိုပြောပါတယ်။
သြဂုတ် ၃ ရက်နေ့မှာ ရေစက်ကုန်း ရဲကင်းနဲ့ ကိုင်းတောမရဲစခန်းတို့ကိုတပြိုင်နက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရေစက်ကုန်းရဲကင်းကိုတော့ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
သြဂုတ်လ ၃ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကိုင်းတောမရဲစခန်းကနေ နောက်ဆုတ်ခဲ့ပေမဲ့ သြဂုတ် ၄ ရက်၊ ၅ ရက်နေ့တွေမှာဖိအားပေး တိုက်ခိုက်နိုင်ခဲ့တာပါ။
ဩဂုတ် ၆ ရက်ကလည်း သရက်ကန်ကနေထွက်လာတဲ့ ရိက္ခာပို့စစ်ကြောင်းကို ကာကွယ်ရေးအဖွဲ့တွေက ဖြတ်တောက်နိုင်ခဲ့တာကြောင့် သြဂုတ် ၇ ရက် နံနက်ပိုင်းမှာ ကိုင်းတောမရဲစခန်းကို စွန့်ခွာထွက်ပြေးသွားကြတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလို စစ်ကောင်စီတပ်သားတွေ ထွက်ပြေးစဉ်မှာလည်း ကာကွယ်ရေးအဖွဲ့တွေက လိုက်လံတိုက်ခိုက်နိုင်ခဲ့ပြီး စစ်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ကိုင်းတောမရဲစခန်းသိမ်းတိုက်ပွဲကို ပြည်သူ့တော်လှန်ရေးတပ်ဦး ( PRF)၊ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA)၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(SRF)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)-(အမှတ် ၈၁၅ တပ်ဖွဲ့ အနောက်မြောက်စစ်ဒေသ)၊ ဗမာ့လွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)၊ Lighting Drone Force၊ ပခုက္ကူစုဖွဲ့မှု(YoungForce. PPDF. ThuRain. HunterPakokku. Earthquake)၊အညာမြေတပ်ပေါင်းစုနဲ့ မြိုင်မြို့နယ်မှ တော်လှန်ရေးအဖွဲ့များ(မြိုင် ပကဖ တပ်ရင်း (၁) တပ်ခွဲ (၄) စကြာအဖွဲ့၊ ပေါက် ပလဖနဲ့ Justice Revolution Force) တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
သြဂုတ် ၃ ရက်နေ့တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ၃ ဦးထက်မနည်းသေဆုံးပြီး ကာကွယ်ရေးရဲဘော် ၂ ဦး ကျဆုံးကာ ထိခိုက်ဒဏ်ရာရတာတွေလည်းရှိခဲ့ပါတယ်။
သံလွင်တိုင်းမ်
ဓာတ်ပုံ – PDO/PDA