လောက်ကိုင်၊ ဩဂုတ် ၇

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ဒေသတွေမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပစ်မှတ်တွေကို ဦးတည်တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို တားဆီးပေးဖို့ ညီနောင်မဟာမိတ်သုံးဖွဲ့က တရုတ်နိုင်ငံထံ ဩဂုတ် ၆ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်း လုံးဝမရှိတဲ့ မြို့ ရွာတွေရှိ ဈေး၊ စာသင်ကျောင်းနဲ့ ဆေးရုံစတဲ့ အရပ်သားလူထု အဆောက်အအုံတွေကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲပြီး တိုင်းရင်းသားပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေကို တားဆီးပေးကြဖို့ တောင်းဆိုတာပါ။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ထိတွေ့တိုက်ပွဲတွေမှာ အရေးမလှ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ မြို့ရွာတွေရှိ ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်ပြီး ကြီးလေးတဲ့ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာကို အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်လို့ ဆိုပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားတဲ့ လောက်ကိုင်၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ဆန်နဲ့ မြောက်ဦးစတဲ့ မြို့နယ်တွေက ဒေသခံပြည်သူတွေ နေထိုင်သွားလာနေတဲ့ ဈေး၊ စာသင်ကျောင်း၊ ဆေးရုံ ဆေးခန်း၊ ဘာသာရေး အဆောက်အအုံ၊ တံတား၊ မြို့ရွာတွေကို တိုက်လေယာဉ်တွေနဲ့ ဖျက်အားပြင်းဗုံးတွေ ကြဲချကာ အရပ်သားတွေကို အဓိကပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီလို ပေါင် ၅၀၀ ဗုံးတွေနဲ့ ဖျက်အားပြင်းဗုံးတွေနဲ့ ကြဲချတိုက်ခိုက်နေတာကြောင့် ပြည်သူလူထုတွေရဲ့ အိုးအိမ်စည်းစိမ်တွေ ပျက်စီးခဲ့ရသလို ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီတပ်တွေ လုံးဝကင်းစင်သွားတဲ့ နယ်မြေဒေသရှိ တိုင်းရင်းသားပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုမှ ကင်းဝေးစေဖို့ လမ်းညွှန်ထားတဲ့အတိုင်း လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး မစတင်မှီ နိုင်ငံအနှံ့က လက်နက်ကိုင် တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုပေါင်း ၂,၀၀၀ ကျော် ရှိခဲ့ရာမှ စစ်ဆင်ရေးအလွန် ကိုးလတာကာလအတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် ၃,၈၀၀ ထက်မနည်းရှိခဲ့တယ်လို့ သုတေသနအဖွဲ့ ISP-Myanmar ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – The Kokang

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.