မော်လမြိုင် ၊ ဩဂုတ် ၇

စစ်ကောင်စီ နယ်မြေအပြည့်အဝ ထိန်းချုပ်ထားတဲ့ မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မြို့မှာ လုံ ခြုံရေးအတွက် ဒေသတွင်းက လူငယ်တွေကို နေ့စားအငှား ခေါ်ယူအသုံးပြုလာတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နိုင်ငံအနှံ့ ခုခံတော်လှန်စစ်တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးမှု များပြားလာတာ၊ လက်နက်ချအညံ့ခံမှုတွေကြောင့် တပ်အင်အားပြုန်းတီးလာတဲ့ စစ်ကောင်စီဟာ နယ်မြေတည်ငြိမ်တဲ့ ဒေသတွေမှာ လုံ ခြုံရေးအတွက် နေ့စားခေါ် ယူ အသုံးပြုလာတာပါ။

အဲဒီထဲမှာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မော်လမြိုင်မြို့မှာတော့ ဒေသခံတွင်းက လူမိုက်လူရမ်းကားတွေနဲ့ အလုပ်အကိုင်မရှိတဲ့လူငယ်တွေကို တစ်ရက်လျှင် ကျပ် ၈၀၀၀ နှုန်းနဲ့ နေ့စားအငှား ခေါ်ယူအသုံးပြုလုပ်တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ နေ့စားအငှား ခေါ်ယူထားတဲ့သူတွေကို စစ်ဝတ်စုံနဲ့ လက်နက် တပ်ဆင်ပေးတာ၊ မြို့တွင်းလှည့်ကင်းလှည့်လည်တာ၊ ပိတ်ဆို့စစ်ဆေးတာနဲ့ ဧည့်စာရင်းစစ်ဆေးတဲ့နေရာတွေမှာ ခိုင်းစေတာတွေ ရှိနေပါတယ်။

မော်လမြိုင်မြို့ခံတစ်ဦးက “ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ဘာလုပ်လဲဆိုတော့ ရာအိမ်မှူးတွေက အိမ်မနိုင်တဲ့ကောင်တွေ၊ လေလွင့်နေတဲ့ ဝေးလားဝါးလား လုပ်ပြီးတော့ အလုပ်မရှိအကိုင်မရှိ၊ အ ရက်လေးသောက်လိုက် အဲဒီလိုကောင်တွေကို အများအားဖြင့် တစ်ရက်ကို ၈၀၀၀ ရမယ်။ ဖုန်းလို ချင်ရင် ဖုန်းဝယ်ပေးမယ်။ ယူနီဖောင်းပေးမယ်။ သေနတ်ပေးမယ်ဆိုပြီးတော့ အဲဒီလိုစည်းရုံးပြီးတော့ ခေါ်တာကများတာပေါ့”လို့ ပြောပါတယ်။

စစ်ကောင်စီဟာ နေ့စားအငှား ခေါ်ယူထားတဲ့ လူငယ်တွေကိုတော့ စစ်ကောင်စီ လက်အောက်ခံ ရဲ တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး မြို့အတွင်းလုံခြုံရေး အကြောင်းပြကာ လှည့်ကင်းလှည်လည်တာ၊ လူစည်ကားရာနေရာတွေမှာ ပိတ်ဆို့ ရှာဖွေတာတွေကို အဓိကပြုလုပ်နေတာပါ။

လုံခြုံရေး အကြောင်းပြချက်နဲ့ စစ်ဆေးတဲ့နေရာမှာလည်း ကားနဲ့ဆိုင်ကယ်ဘောက်တွေ စစ်ဆေးတာအပြင် မထင်ရင်မထင်သလို ဖုန်းတွေကိုပါစစ်ဆေးပြီး နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြောင်းအ ရာတွေ တွေ့ရှိပါက ရိုက်နှက်ဖမ်းဆီးတာ၊ ငွေကြေး အဆမတန် တောင်းခံတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးကတော့ အခုလိုလမ်းပေါ်က လူငယ်တွေကို သေနတ်ကိုင်ခိုင်းပြီး ပြည်သူ့လုံခြုံရေးနဲ့ ဆက်ဆံရေးတွေမှာ အသုံးပြုနေတာဟာ ရွံစရာ ကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“စစ်ကောင်စီတပ်တွေရဲ့ လုပ်ရပ်ဟာ ကြေးစားတပ်တွေထက် တော်တော်ဆိုးတဲ့ အခြေအနေပါ။ ကြေးစားတပ်ကို ငှားရမ်းတယ်ဆိုလို့ရှိရင် ကြေးစားတပ်မှာ သူ့စည်းကမ်း ရှိတယ်။ သူ့စည်းနဲ့ သူ့ကမ်းနဲ့ ရှိတယ်။ အခုဟာကကျတော့ လမ်းပေါ်က လူငယ်တွေကို ဒီအတိုင်းပဲ လက်နက်အပ်ပေး ယူနီဖောင်းအပ်ပေးပြီးတော့ ပြည်သူတွေနဲ့ ဆက်ဆံရေး၊ ပြည်သူတွေကို စစ်ဆေးတာတို့ လုပ်တာ ဒါအင်မတန်မှ ရွံစရာကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့နော်။ တိုင်းပြည်တစ်ပြည်ကို အုပ်ချုပ်တဲ့ တပ် မဟုတ်တော့ဘူးဆိုတာ သူတို့ကိုသူတို့ပြတယ်လို့ ကျွန်တော်မြင်တယ်ဗျ”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ နေ့စားဝင်လုပ်တဲ့ လူငယ်တွေကို ရပ်ကွက်အတွင်း ရမ်းကားချင်သလို ရမ်းကားခွင့် ပေးထားတာကြောင့် ရပ်ကွက်နေ ပြည်သူတွေကို အနိုင်ကျင့်တာတွေကအစ လုပ် ဆောင်တာတွေရှိနေတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မော်လမြိုင်မြို့မှာတော့ စစ်ကောင်စီဟာ လူငယ်တွေကို ပြည်သူ့စစ်ထဲဝင်ဖို့ စည်းရုံးတာ၊ စစ်မှု ထမ်းဖို့အတွက် လိုက်လံဖမ်းဆီးခေါ်ဆောင်တာအပြင် လက်ရှိမှာ နေ့စားငှားရမ်းပြီး လုံခြုံရေးဆောင်ရွက်တာတွေကအစ လုပ်ဆောင်လာတာပဲ ဖြစ်ပါတယ်။

အာဏာသိမ်းမှုအတွင်း စိုးမိုးနယ်မြေများစွာ လက်လွှတ်ခဲ့ရတဲ့ စစ်ကောင်စီက တိုင်းစစ်ဌာနချုပ် ထက်ဝက်ကျော်က တပ်ဖွဲ့ဝင်တွေအားလုံးကို တန်းပြည့်စစ်မှုထမ်းဖို့နဲ့ အငြိမ်းစာတပ်အရာရှိ တစ်ထောင်ကျော်ကို ဆင့်ခေါ်ရတဲ့အထိ မနိုင်မနင်းရုန်းကန်နေရပါတယ်။

ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာ စောင့်ကြည်ရေးအဖွဲ့ BACS ရဲ့ အစီရင်ခံစာအရ တပ်အင်အားပြုန်း တီးနေတဲ့ စစ်ကောင်စီဟာ စစ်မှုထမ်းအပတ်စဉ် ၁ နဲ့ ၂ အတွက် သင်တန်းကျောင်း ၂၁ ကျောင်းဖွင့်လှစ်ထားပြီး အပတ်စဉ်နှစ်ခုအတွက် လူငယ် ၉၀၀၀ ဝန်းကျင် တပ်သားစုဆောင်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.