စစ်ရှုံးပြီး အရူးမီးဝိုင်းနေတဲ့ စစ်ခေါင်းဆောင်

နေပြည်တော် ၊ ဩဂုတ် ၇

တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ခုခံတော်လှန်မှုထိုးစစ်တွေကို နိုင်ငံအနှံ့အပြားမှာ ဝိုင်းရံတိုက်ခိုက်ခံနေရတဲ့ စစ်ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေနဲ့ ပြည်ပနိုင်ငံတ ချို့ကို စွပ်စွဲအပြစ်ဖို့ပါတယ်။

မြန်မာစစ်တပ်ရဲ့ အစဉ်အလာကြီးခဲ့တဲ့ ရှမ်းမြောက်ရှိ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာ နချုပ် အရေးနိမ့်ခဲ့ရပြီးချိန်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လူလုံးထွက်ပြပြီး လုံခြုံရေးဆိုင်ရာမိန့်ခွန်းမှာ ပြောဆိုခဲ့တာပါ။

တရုတ်-မြန်မာ နယ်စပ်မှာရှိတဲ့ EAO နယ်မြေတချို့မှာ လက်နက်စက်ရုံတွေ တည်ထောင်ထားပြီး အဲဒီကနေထုတ်လုပ်တဲ့ လက်နက်ခဲယမ်းတွေကို PDF တွေနဲ့ အခြား EAO အဖွဲ့တွေကို ထောက်ပံ့ရောင်းချတာတွေ ပြုလုပ်နေတာလို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံ့တောင်ပိုင်းက လက်နက်ကိုင်အဖွဲ့တွေကလည်း ထိုင်း-မြန်မာနယ်စပ် မှောင်ခိုလမ်း ကြောင်းကနေ လက်နက်တွေဝယ်ယူနေပြီး နည်းပညာအရ အဆင့်မြှင့်တဲ့ ဒရုန်းနဲ့ ရှော့တိုက်ဒုံးတွေကို အသုံးပြုတိုက်ခိုက်နေတာလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ခေါင်းဆောင်အနေနဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုတွေ ဘက်စုံခံနေရတာကို ဝန်ခံသွားပေမယ့် သုံးနှစ်ကျော်တဲ့အထိ ပြည်သူတွေအပေါ် အကြမ်းဖက်နေတာကိုတော့ ဝန်မခံသွားဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သူက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ PDF တွေနဲ့ ပြည်သူတွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကို ဘက်စုံကနေ ခံနေရတယ်ဆိုတာ ဝန်ခံသွားပါတယ်။ ဒါပေမယ့် အကြမ်းဖက်နေတာက သူဖြစ်နေတယ်ဆိုတာတော့ ဝန်ခံမသွားပါဘူး။ နေ့စဉ်နဲ့အမျှ လေကြောင်းကနေ ထိုးစစ်တွေဆင် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပစ်ခတ်သတ်ဖြတ်နေတာ အကြမ်းဖက်လုပ်ငန်းကို သူသုံးနှစ်ကျော်တဲ့အထိ ပြည်သူတွေအပေါ် ကျူးလွန်နေမှုကို တစ်ခွန်းတစ်ပါဒမှ ပြောမသွားပါဘူး”လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်ကတော့ MNDAA ၊ TNLA ၊ AA အဖွဲ့တွေအနေနဲ့ စစ်ကောင်စီ ဖိတ်ခေါ်ခဲ့တဲ့ ငြိမ်း ချမ်းရေးကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး ရှမ်းမြောက်နယ်စပ်မှာရှိတဲ့ တပ်စခန်းတွေနဲ့ ချင်းရွှေဟော်မြို့ကို ၂၀၂၃ ခုနှစ် အောက် တိုဘာ ၂၇ ရက်မှာ အင်အားသုံး စတင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီအဖွဲ့တွေဟာ နိုင်ငံတဝန်း မတည်မငြိမ်မှုတွေ ဖြစ်ပွားနေတာကို အခွင့်အရေးအဖြစ် ဖန်တီးပြီး နယ်မြေချဲ့ထွင်သိမ်းပိုက်ဖို့ ကြိုးပမ်းကာ တည်ငြိမ်အေးချမ်းနေတဲ့ နယ်မြေတစ်ခုလုံးကို စစ်ပွဲဒဏ်သင့်အောင် လုပ်ဆောင်ခဲ့တာလို့ စွပ်စွဲပါတယ်။

တအာင်းအဖွဲ့ TNLA ပြောခွင့်ရ လွေးယေဦးက စစ်ကောင်စီရဲ့ တစ်ဘက်သတ် စွပ်စွဲချက်တွေသာဖြစ်ပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့နဲ့ ဒေသခံတွေရဲ့ အသက်ကို ကာကွယ်တာလို့ တုံ့ပြန်ပါတယ်။

“ဒါတွေက စစ်ကောင်စီရဲ့ တစ်ဘက်သတ် စွပ်စွဲချက်တွေသာ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးက စစ်ကောင်စီ အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းဖို့နဲ့ ဒေသခံလူထုတွေရဲ့ အသက်ကို ကာကွယ် ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့က စစ်ကောင်စီပြောသလို စစ်ဒဏ်သင့်အောင် လုပ်ဆောင်နေတာမျိုးလည်း မဟုတ်ပါဘူး။ အဓိကတော့ စစ်ကောင်စီ ချုပ်ငြိမ်းရမယ်။ စစ်အာဏာရှင်စနစ်တွေ ချုပ်ငြိမ်းရမှာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ စစ်တပ်ရဲ့ မောက်မာဝင့်ကြွားမှုတွေကို ထိုးနှက် ချက်ပြင်းစွာ ရိုက်ချိုးနိုင်ခဲ့လို စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက်လည်း အထောက်အပံ့ဖြစ်စေခဲ့တာလို့ တော်လှန်ရေးအင်အားစုတွေက ရှုမြင်ထားကြတာပါ။

ဒါကို စစ်ခေါင်းဆောင်က ရှမ်းမြောက်အပါအဝင် နိုင်ငံတဝန်းရှိ စစ်တပ်စခန်းတွေ ဆုံးရှုံးနေရတာဟာ သူ့ကိုတော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေနဲ့ ပြည်ပနိုင်ငံတချို့တွေကြောင့်လို့ အပြစ်ဖို့ပါတယ်။

လက်နက်ကိုင်ပဋိပက္ခ သက်ဆိုးရှည်ရေးနဲ့ မြန်မာနိုင်ငံအပေါ် သူတို့လိုချင်တဲ့ လက္ခဏာမျိုးရရှိစေလိုတဲ့ ပြည်ပနိုင်ငံအချို့ဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ငွေကြေး၊ လက်နက်ခဲယမ်းနဲ့ နည်းပညာတွေရရှိအောင် လုပ်ဆောင်ပေးနေတယ်လို့ စစ်ခေါင်းဆောင်က စွပ်စွဲခဲ့တာပါ။

ဝါရင့်နိုင်ငံရေးသမား ဦဖေသန်းက တစ်ဘက်နိုင်ငံတွေကို ရိပ်ပါးစောင်းပါးပြောတာဟာ စစ်တပ်ရဲ့ ကျရှုံးမှုအတွက် ကာကွယ်ဖို့ ပြည်ပနိုင်ငံတွေကို တစ်ဘက်လက်နဲ့ စွပ်စွဲတဲ့အနေအထားမျိုးလို့ သုံး သပ်ပါတယ်။

“တစ်ဘက်အဖွဲ့အစည်းတွေ၊ တစ်ဘက်နိုင်ငံတွေကို လက်လွှတ်စံပယ် ဘယ်အဖွဲ့ဘယ်နိုင်ငံလို့လဲ မဟုတ်ဘဲနဲ့ ရိပ်ပါးစောင်းပါး သူပြောတာက သူ့ရဲ့ ကျရှုံးမှုအတွက် တစ်ဘက်တော်လှန်ရေးအင် အားစုတွေ အင်အားကြီးထွားလာမှုအပေါ် စိုးရိမ်ပြီးတော့ သူ့အနေနဲ့ ရမ်းသမ်းပြီးတော့ ပြောတယ်။ အထောက်အထားမရှိဘဲ ပြောတယ်။ သူ့ကျရှုံးမှုကို ကာကွယ်ဖို့ ပြည်ပအင်အားစုတွေ ပြည်ပနိုင်ငံတွေကို တစ်ဘက်လက်နဲ့ စွပ်စွဲတယ်ပေါ့။ အဲဒီအနေအထားမျိုး ရောက်သွားတယ်”လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံးအုံ့ကြွမှုနဲ့အတူ တိုက်ပွဲတွေ ဖော်ဆောင်လာတဲ့အတွက် စစ် တပ်က အရှုံးကြီးရှုံးနေတဲ့အခြေအနေဟာ စစ်ခေါင်းဆောင် အာဏာသိမ်းယူခဲ့တဲ့ အကျိုးဆက်တွေကို ပြန်ခံရတာလို့ သူကထောက်ပြပါတယ်။

ဒါပေမယ့် စစ်ခေါင်းဆောင်ကတော့ သူ့လုပ်ရပ်တွေကို ပြန်လည်သုံးသပ်ရမယ့်အစား သူဦးဆောင်တဲ့ စစ်တပ်ကို တစ်နိုင်ငံလုံးက တော်လှန်သူတွေ တိုက်ခိုက်နေတာကိုပဲအပြစ်ဖို့ပြီး ဒီအပေါ် ဘုံရန် သူအဖြစ် သတ်မှတ်ကာ ချေမှုန်းသွားမယ်လို့ ကြွေးကြော်နေတာပါ။

တစ်ဘက်မှာ တရားသောစစ်အောင်မြင်ဖို့ ပြည်သူတွေအားလုံး ယုံကြည်စွာနဲ့ ဝိုင်းဝန်းပေးကြဖို့ လိုအပ်တယ်ဆိုပြီး အာဏာသိမ်းမှုကြောင့် အတိဒုက္ခရောက်နေကြရတဲ့ ပြည်သူတွေကို စစ်ခေါင်း ဆောင်က တိုက်တွန်းခဲ့သေးတာပါ။

နိုင်ငံရေးအကဲခတ်တွေကတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောဆိုမှုတွေဟာ သူ့လုပ်ရပ်အပေါ် အရှက်အကြောင်ကင်းမဲ့ပြီး ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာကို သက်သေခံနေတာလို့ ဝေဖန်ပါတယ်။

ဦးဖေသန်းကတော့ စစ်တပ်ကို ဦးဆောင်သူအနေနဲ့ သူများတွေကို အပြစ်ဖို့နေမယ့်အစား တပ်မ တော်က နိုင်ငံရေးလောကထဲ ဆက်နေသင့်မသင့် ဆုံးဖြတ်ပြီး နိုင်ငံရေးနည်းနဲ့ ဖြေရှင်းခွင့်ရအောင် ကြိုးပမ်းသင့်တယ်လို့ မှတ်ချက်ပြုပါတယ်။

စစ်ကောင်စီအနေနဲ့ ၁၀၂၇ စစ်ဆင်ရေးကနေ အစချီကာ လက်ရှိအချိန်ထိ ကချင်၊ချင်း၊ရခိုင်၊ရှမ်းမြောက်၊ကရင်နီ၊ ကရင်နဲ့ စစ်ကိုင်းတို့မှာ တပ်စခန်းတွေရဲ့ စိုးမိုးနယ်မြေများစွာ လက်လွှတ်ခဲ့ရတဲ့အတွက် မြို့ ပေါင်း ၇၅ မြို့အထိ ဆုံးရှုံးခဲ့ရတာပါ။

ဧပြီနှောင်းပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျုရဲ့ အစီရင်ခံစာအရ မြန်မာစစ်တပ်အနေနဲ့ စစ်ရုံးကနေ လုံခြုံရေးကင်းစခန်းအထိ စစ်စခန်းပေါင်း ၅၂၈၀ အထိ ရှိပြီး အဲဒီထဲက စစ်စခန်း ၂၅၀၀ ကို ဆုံးရှုံးလိုက်ရပြီလို့ ခန့်မှန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- CINCDS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.