လားရှိုး ၊ ဩဂုတ် ၂
အာဏာသိမ်း စစ်ကောင်စီတိုးယူခဲ့တဲ့ အရေးပေါ်အခြေအနေ ခြောက်လသက်တမ်းအတွင်း ရှမ်းမြောက်နဲ့ မန္တလေးတိုင်းဘက်မှာ စစ်ဆင်ရေးတွေ ပြင်းထန်လာလိမ့်မယ်လို့ နိုင်ငံရေး၊ စစ်ရေးအကဲ ခတ်တွေက သုံးသပ်ကြပါတယ်။
ဇူလိုင် ၃၁ ရက်နေ့က ခေါ်ယူခဲ့တဲ့ ကာလုံအစည်းအဝေးမှာ စစ်ခေါင်းဆောင်က စစ်တပ်အနေနဲ့ လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါနဲ့ မိုးကုတ်ဒေသတွေတည်ငြိမ်ရေးအတွက် ဆက်လက်ဆောင် ရွက်သွားမယ်လို့ ကြွေးကြော်သွားတာပါ။
CDM ဗိုလ်ကြီး ဇင်ယော်က စစ်ခေါင်းဆောင်ပြောသွားတဲ့ နယ်မြေတွေမှာ စစ်ကူရအောင် ထုတ်မယ့် အနေအထားရှိပြီး မန္တလေးဘက်ကိုလည်း စစ်အင်အားတိုးနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အဲဒီနယ်မြေတွေကို သူ့အနေနဲ့ နယ်မြေတည်ငြိမ်အေးချမ်းဖို့ ဆောင်ရွက်သွားမယ်ဆိုတော့ စစ်ကူရအောင် သူထုတ်တော့မယ်။ သူ့မှာသူ့စစ်သားတွေသေတာ မသေတာ၊ ရှိတာမရှိတာ သူမသိဘူး။ သူစစ်ကူရအောင်ထုတ်မယ်။ အခုဆိုရင် မန္တလေးဘက်ကိုလည်း စစ်အင်အားတွေ တိုးနေတာရှိသလို ရှမ်းတောင် ရွှေညောင် – နမ့်ဆန်ဘက်ကနေ တောက်လျှောက် စစ်ကြောင်းတွေ တက်နေတယ်”လို့ ဆိုပါတယ်။
စစ်ခေါင်းဆောင်ကတော့ MNDAA နဲ့ TNLA အဖွဲ့တွေဟာ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် နှစ်ဘက်သဘောတူထားတဲ့ ယာယီအပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး တိုက် ပွဲတွေ ဖော်ဆောင်လာခဲ့တာလို့ စွပ်စွဲပါတယ်။
အဲဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး MNDAA နဲ့ TNLA အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူထံ သံလွင်တိုင်မ်းက သဘောထားမှတ်ချက်ရယူဖို့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်ခြင်း မရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း ရှမ်း -မန်းဒေသက နောင်ချို၊ မိုးမိတ်၊ မိုးကုတ်နဲ့ စဉ့်ကူးမြို့တွေကို စစ်ကောင်စီ လက်လွှတ်ထားရပြီး လားရှိုး၊ ကျောက်မဲနဲ့ နောင်ချိုမြို့ နေရာတချို့မှာ တိုက်ပွဲပြင်းထန်နေတာပါ။
တစ်ဘက်မှာ စစ်ဆင်ရေးလှိုင်းတွေဟာ မန္တလေးအထိ ဆင်းလာနေပြီဖြစ်တဲ့အတွက် စစ်ရေးအခြေ အနေတွေကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး ကြိုတင်ပြင်ဆင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အသိပေးထားပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ရှမ်း – မန်း စစ်ဆင်ရေးဟာ ပြင်ဦးလွင်ကို တော် လှန်ရေးပူးပေါင်းအဖွဲ့တွေ သိမ်းပြီးလို့ရှိရင် မန္တလေးတိုင်းသိမ်းပိုက်ရေးလှုပ်ရှားမှု ပေါ်ပေါက်လာမယ်လို့ သုံးသပ်ပါတယ်။
“ရှမ်း-မန်း စစ်ဆင်ရေးက ပြင်ဦးလွင်ကို သိမ်းပြီးလို့ရှိရင် မန္တလေးတိုင်းသိမ်းပိုက်ရေးထဲကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ တည်ငြိမ်ရေး၊ လုံခြုံရေးဆိုတာတွေက မင်းအောင်လှိုင်က သူလုပ်ရမယ့်အလုပ်တွေ လျှောက်ပြောတာပေါ့လေ။ ဒါပေမယ့် တကယ့်အခြေအနေက အခုကမန္တလေးတိုင်းထဲကို ရောက်နေပြီ။ မန္တလေးမြို့ တော်နဲ့ ၁၀ မိုင်အကွာလောက်အထိ တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုတွေ ရောက်နေပါပြီ။ အဲဒါကြောင့် ရှေ့ လာမယ့် တစ်လနှစ်လအတွင်းမှာ မန္တလေးတိုင်းသိမ်းပိုက်ရေးလှုပ်ရှားမှု ပေါ်ပေါက်လာမယ်။ ပိုပြီးတော့ ပြင်းထန်လာလိမ့်မယ်”လို့ ဆိုပါတယ်။
မန္တလေးတိုင်းမှာတော့ ကမ္ဘာကျော် ပတ္တမြားတွေထွက်ရှိရာ မိုးကုတ်မြို့နဲ့ စဉ့်ကူးမြို့တို့ကို မန္တလေး PDF နဲ့ TNLA ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ထားသလို မတ္တရာမြို့ရှိ စစ်ကောင်စီတပ်စခန်း ၃၅ ခုထက်မနည်း လက်လွှတ်ထားရပါတယ်။
စစ်ကောင်စီအနေနဲ့ အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ တစ်နိုင်ငံလုံးအနှံ့ ခုခံတော်လှန်စစ်အတွင်း တပ်စခန်းပေါင်းရာနဲ့ချီ ဆုံးရှုံးခဲ့ရသလို တပ်အင်အားပြုန်းတီးမှုတွေကိုလည်း မြို့သိမ်းစ ခန်းသိမ်း ထိုးစစ်နဲ့အတူ ရင်ဆိုင်နေရတာပါ။
ဒီအခြေအနေမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး၊ နိုင်ငံတည်ငြိမ်ရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို လုံလောက်တဲ့အချိန် ရယူလုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုပြီး စစ်ကောင်စီက အရေးပေါ်သက် တမ်း တိုးယူခဲ့တာဖြစ်ပါတယ်။
CDM လေတပ် တပ်ကြပ်ကြီးဇေယျကလည်း သက်တမ်းတိုးမှုအတွင်း လက်ရှိရာသီဥတုအခြေအ နေအရ တောင်ပိုင်းမှာ မြို့ သိမ်းစခန်းသိမ်းတိုက်ပွဲ ဖြစ်လာဖို့ အလားလာမရှိပေမယ့် ရှမ်းမြောက်မှာတော့ ဆက်လှုပ်ရှားလာနိုင်တယ်လို့ သုံးသပ်ပါတယ်။
“ဒီမိုးတွင်းကာလဖြစ်တဲ့အတွက် တချို့ဒေသမှာ ထောက်ပို့လမ်းကြောင်း သွားရေးလာရေး ခက်ခဲတဲ့ အနေအထားတွေကြောင့် တောင်ပိုင်းလိုနေရာမျိုးမှာ တအားကြီး စစ်တပ်က စစ်ကြောင်းထိုးရင်တော့ ပြန်တိုက်ခိုက်တဲ့ပုံစံမျိုး ဖြစ်နိုင်ပေမယ့် မြို့တွေစခန်းသိမ်းတာတော့ တောင်ပိုင်းမှာ ဖြစ်လာဖို့ အလားလာမမြင်ဘူး။ ရှမ်းမြောက်ကတော့ ဆက်ပြီးပြင်းထန်လာနိုင်တဲ့ အနေအထားရှိတယ်။ ဘာလို့ဆို လက်ရှိနိုင်ငံရေးအခြေအနေ လက်ရှိရနေတဲ့ အောင်မြင်မှုတွေကတော့ ဆက်ပြီးလှုပ်ရှားလာနိုင်တယ်လို့ မြင်တယ်”လို့ ဆိုပါတယ်။
လက်ရှိရခိုင်က မြို့ နယ်တချို့မှာ သိမ်းပိုက်ဖို့ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို AA က ဆက်လက်ထိုးစစ်ဆင်နေပြီး ရှမ်းမြောက်နဲ့ မန္တလေးမှာလည်း အလားတူပါ။
တောင်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးဝင်ရောက်လာမှုကို တန်ပြန်တဲ့ ထိတွေ့တိုက်ပွဲတွေသာ ရှိနေပါတယ်။
စစ်ခေါင်းဆောင်ကတော့ လက်နက်ကိုင်ပဋိပက္ခသက်ဆိုးရှည်ရေးနဲ့ မြန်မာနိုင်ငံအပေါ် သူတို့လိုချင်တဲ့ လက္ခဏာမျိုးရရှိစေဖို့ ပြည်ပနိုင်ငံတချို့ဟာ လက်နက်ကိုင်တွေနဲ့ အဖွဲ့အစည်းတွေကို ဘက်ပေါင်းစုံ ကူညီနေတယ်လို့ စွပ်စွဲထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-BPLA/MDY PDF