နေပြည်တော် ၊ ဇူလိုင် ၃၁

အာဏာရှင်ဟောင်းဗိုလ်ချုပ်ကြီး နေဝင်းလက်ထက်ကနေ သမ္မတဟောင်းဦးသိန်းစိန်အစိုးရခေတ်အဆက်ဆက် မအောင်မြင်ခဲ့တဲ့ သမဝါယမစနစ်ကို ပြန်လည်ကျင့်သုံးဖို့ အာဏာသိမ်းစစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညွှန်ကြားလာပါတယ်။

စစ်ခေါင်းဆောင်က လက်ရှိကျင့်သုံးနေတဲ့ ဈေးကွက်စီးပွားရေးစနစ်ကနေ သမဝါယမစနစ်ကို ပြောင်းလဲကျင့်သုံး ဖို့ ဇူလိုင် ၂၉ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ပြည် ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအတွင်း ညွှန်ကြားလာတာ ဖြစ်ပါတယ်။

လက်ရှိကျင့်သုံးနေတဲ့ ဈေးကွက်စီးပွားရေးစနစ်မှာ အစိုးရကပါဝင်ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းရှိသလို အစိုးရကပါဝင်ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ လုပ်ငန်းတွေရှိတာကြောင့် အဲဒီလုပ်ငန်းတွေ အ ဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ဖို့ သမဝါယမစနစ်ဟာ သင့်လျော်တဲ့စနစ်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မိမိတို့နိုင်ငံရဲ့ လက်ရှိအခြေအနေအရ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်တဲ့နေရာမှာ သမဝါယမစနစ်ဟာ အသင့်လျော်ဆုံးဖြစ်တာကိုတွေ့ရပြီး သမဝါယမစနစ်ဟာ စိတ်ဆန္ဒနဲ့ ရည်ရွယ်ချက်တူတဲ့ လုပ်ငန်းရှင်အချင်းချင်း၊ တောင်သူအချင်းချင်း စုဖွဲ့ဆောင်ရွက်ရတဲ့ အ သင်းအဖွဲ့ စနစ်တစ်ခုဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကတော့ စစ်ကောင်စီဟာ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ကို မသွားနိုင်တာကြောင့် သမဝါယမစနစ်ကိုသွားဖို့ လုပ်ဆောင်တာဖြစ်သလို သမဝါယမစနစ်ဟာ အ စိုးရက ပါဝင်စွက်ဖက်မှုများတဲ့အပြင် လာဘ်စားမှုတွေ ရှိလာနိုင်တာကြောင့် မအောင်မြင်နိုင်ဘူးလို့ ပြောပါတယ်။

“အခုလက်ရှိအခြေအနေကတော့ သူကလွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ကိုလည်း သူတို့က မသွားနိုင်ဘူး။ ဈေးကွက်စီးပွားရေးစနစ်ကျတော့ အစိုးရရဲ့ ပါဝင်စွက်ဖက်မှုက အနည်းဆုံးဖြစ်အောင်တော့ သူတို့လုပ်တာပေါ့လေ။ ဈေးကွက်ကိုပဲ ဦးစားပေးတာပေါ့လေ။ အတတ်နိုင်ဆုံး အစိုးရက ဝင်စွက်ဖက်မှု နည်းတာပေါ့နော်။ သမဝါယမကျတော့ ကျွန်တော်တို့က ဈေးနှုန်းရော၊ ဈေးကွက်ရောပေါ့လေ ဒါကတော့ အစိုးရကပါဝင်စွက်ဖက်မှု များတာပေါ့နော်။ အစိုးရရဲ့ စီမံကိန်းအစိုးရရဲ့ အစီအစဉ်နဲ့ အစိုးရရဲ့ထိန်းချုပ်မှုနဲ့ ပံ့ပိုးမှုတွေက ပိုပြီးတော့ အားထည့်ဖို့လိုတာပေါ့လေ။ ဒီဟာကို တကယ်ကို ယုံယုံကြည်ကြည်နဲ့ အကောင်အထည်ဖော်မှရမယ်။ အဲဒီလိုယုံယုံကြည်ကြည်နဲ့ အ ကောင်အထည်ဖော်တဲ့နေရာမှာ အန္တရာယ်အရှိဆုံးကတော့ လာဘ်စားမှုပေါ့။ ဒီလာဘ်စားမှု ရှိနေရင်တော့ သမဝါယမစီးပွားရေးစနစ်ကတော့ ဘယ်လိုမှမအောင်မြင်နိုင်ဘူး”လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်ကတော့ သမဝါယမအသင်းတွေ ဖွဲ့စည်းပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကုန်ထုတ် လုပ်ငန်းတွေကို မျိုး၊ မြေ၊ ရေ၊ နည်း ၄ ချက်နဲ့အညီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီးအဲဒီကတဆင့် စိုက်ပျိုးရေးနဲ့ မွေးမြူရေးထုတ်ကုန်တွေကို အခြေခံတဲ့စက်ရုံ၊ အလုပ်ရုံတွေ တည်ထောင်ဆောင်ရွက်ကြဖို့ ညွှန်ကြားလိုက်ပါတယ်။

သမဝါယမစနစ်ဟာ အရင်းရှင် စီးပွားရေးစနစ်မှာ လုပ်ငန်းရှင်တွေက အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်တာ ကာကွယ်ပေးနိုင်ဖို့၊ အလုပ်သမားတွေ ကိုယ်တိုင်စီမံခန့်ခွဲမှုနဲ့ အကျိုးအမြတ်ခံစားမှုတွေရှိဖို့နဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ရည်ရွယ်တာပါ။

ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ သမဝါယမစနစ်ဟာ အာဏာပိုင်တွေနဲ့အာဏာရအသိုင်းအဝိုင်းတွေကသာ ဦးဆောင်တာ ဖြစ်တဲ့အတွက် အဂတိလိုက်စားမှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေကြောင့် အာဏာရှင်ဟောင်း ဦးနေဝင်း လက်ထက်မှာ နာမည်ဆိုးနဲ့ ကျော်ကြာခဲ့ပြီး ဆီတိုး၊ ဆန်တိုးနဲ့ တန်းစီတိုးစားရတဲ့ ဘဝတွေဖြစ်ခဲ့တာ ပါ။

ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း သမဝါယမ စီးပွားရေးစနစ်ကို လုပ်ဆောင်ဖို့ ပြောဆို တာဟာ အရင်မဆလခေတ်က မအောင်မြင်တဲ့ လုပ်ငန်းကို လုပ်ဆောင်ဖို့ ပြောဆိုတာဖြစ်သလို လူထုပယ်ချထားတဲ့ မူဝါဒအဟောင်းကို ထုတ်ပြတာဖြစ်တဲ့အတွက် လက်တွေ့လုပ် ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“အခုက တစ်ပြည်လုံး အနှံ့အပြားမှာ စစ်ဖြစ်နေတဲ့ အခြေအနေ တောင်သူလယ်သမားတွေဟာ စစ်ရှောင်တွေ ဖြစ်နေပြီးတော့ ကျွန်တော်တို့ကုန်ထုတ်လုပ်ငန်းကို ဇောက်ချပြီးမလုပ်နိုင်တဲ့ အခြေအ နေ။ ဒီအခြေအနေမှာ သူကဒီသမဝါယမလုပ်ငန်းတွေလုပ်ဖို့ ဘာညာဆိုတဲ့ကိစ္စတွေက အရင်တုန်းက မဆလခေတ်ကလုပ်ခဲ့ကိုင်ခဲ့ပြီး မအောင်မြင်တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်မယ်လို့ သူက ပြော ဆိုနေတာက လက်ရှိအခြေအနေမှာ တစ်စုံတစ်ခုသော စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်ဖို့အတွက် လမ်းကြောင်းအဖြစ် အဲဒါတွေက တင်ပြပြောဆိုနေတာပါ။ ဒါပေမယ့် တကယ့်လက်တွေ့ အကောင်အထည်ဖော်ဖို့က ဘယ်လိုမှမဖြစ်နိုင်ပါဘူး”လို့ ဆိုပါ တယ်။

တဖက်မှာတော့ အာဏာသိမ်းစစ်ကောင်စီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက်မှာ ဖျက်သိမ်းခဲ့တဲ့ သမဝါယမဝန်ကြီးဌာနကို စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ဇွန် ၁၇ ရက်နေ့မှာ သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအား ပြန်လည် ဖွဲ့ စည်းခဲ့ပါတယ်။

သမဝါယမစီးပွားရေးစနစ်ဟာ အစိုးရက ထိန်းချုပ်မှုများတဲ့အတွက် ဈေးကွက်အတွင်း လွတ်လပ်စွာ ဝယ်ယူရောင်းချဖို့အတွက် အခက်အခဲရှိလာနိုင်သလို စနစ်တကျမလုပ်ဆောင်နိုင်ပါက ဈေး ကွက်ပါ ပျက်သွားနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ထောက်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI/Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.