မော်လမြိုင်၊ ဇူလိုင် ၃၀

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်ရဲ့ ၁၇ ကြိမ်မြောက်ညီလာခံကွန် ဂရက်မှာ ခရိုင်ဥက္ကဌအသစ်အဖြစ် ပဒိုစောလစ္စတန်ကို ရွေးကောက်တင်မြှောက်လိုက်တယ်လို့ သိရပါတယ်။

KNU ဒူးပလာယာခရိုင်ရဲ့ ၁၇ ကြိမ်မြောက် ခရိုင်ညီလာခံကွန်ဂရက်ကို ဇူလိုင် ၂၄ ရက်နေ့ကနေ ၂၇ ရက်နေ့အတွင်း ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီညီလာခံကို KNU ဒုတိယဥက္ကဌ ပဒိုစောဆဲဂေ၊ ဗဟိုကော်မတီဝင် ပဒိုစောပိုပိုထူးအောင်၊ ပဒိုမန်းကနေဒီနဲ့ မြို့နယ်အတွင်းက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတာပါ။

၁၇ ကြိမ်မြောက် ဒူးပလာယာခရိုင် ညီလာခံကွန်ဂရက်မှာ ဥက္ကဌအဖြစ် ပဒိုစောလစ္စတန်၊ အတွင်း ရေးမှူးအဖြစ် ပဒိုစောမောထူး၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ပဒိုစောမိုးအဲ့ဒိုတို့ ဖြစ်ကြပြီး အရင် ဥက္ကဌဟောင်းအဖြစ် ပဒိုစောရွှေမောင်းက ညီလာခံမှာ ဝင်ရောက်အရွေးမခံတော့ဘူးလို့ သိရပါတယ်။

ဒူးပလာယာခရိုင်ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခံထားရတဲ့ ပဒိုစောလစ္စတန်ဟာ အရင်က ခရိုင်အတွင်းရေးမှူး ရာထူးနေရာမှာ တာဝန်ယူထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

လက်ရှိမှာလည်း KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA တော်လှန်ရေး အင်အားစုတို့အကြား စစ်ရေးတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး KNLA ပူးပေါင်းအဖွဲ့က ခရိုင်အတွင်းရှိ ကျိုက်ဒုံမြို့နဲ့ စုကလိမြို့တို့အပြင် စစ်တပ်စခန်းအများအပြားကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဗဟိုဌာနချုပ်ရဲ့ တရားဝင်ထုတ်ပြန်ဖော်ပြထားချက်အရ တပ်မဟာ ၆ နယ်မြေ ကျိုက်ဒုံမြို့ရှိ ကျိုက်ဒုံဗျူဟာတပ်စခန်းနဲ့ လက်အောက်ခံတပ်စခန်းတွေဖြစ်ကြတဲ့ ထီးထာဘောစခန်း၊ ကွီလယ်တဲစခန်း၊ ပဲခလဲစခန်း၊ ဖိုးဆီမူစခန်း၊ ကျောထာစခန်း၊ ကရိစခန်း၊ ရှိးထာစခန်း၊ မယ်ကဒီစခန်းနဲ့ ကတ်လီခီးစခန်းအသီးသီးတို့ ဖြစ်ကြပါတယ်။

ဒါ့အပြင် KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေ အားလုံးအနေနဲ့ နုတ်ထွက်ပြောင်းရွှေ့ဖို့၊ KNU တပ်မဟာ ၆ နဲ့ ပူးပေါင်းမှုပြုလုပ်ဖို့ ပြီးခဲ့တဲ့ ဇွန် လပိုင်းက KNU ဒူးပလာယာခရိုင် အမြဲတမ်းကော်မတီက ထုတ်ပြန်အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KIC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.