ရေး၊ ဇူလိုင် ၃၀

တော်လှန်ရေးအင်အားစုးပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းဖြစ်တဲ့ ရေး-ထားဝယ်လမ်းပိုင်း ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီ အပြင်းအထန်ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတယ်လို့ ပူးပေါင်းတပ်ဖွဲ့ထံက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ရေး-ထားဝယ်လမ်းပိုင်း ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ဇူလိုင် တတိ ယအပတ်ကစပြီး အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေနဲ့ နေ့စဉ်အမျှ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲတွေဟာ ဇူလိုင် ၂၅ ရက်နေ့ကစပြီး ရေးမြို့နယ် ပြည်ထောင်စုလမ်းပိုင်းပေါ်မှာ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ ဖြစ်ပွားနေသလို တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ချက်ချင်းဆိုသလို စစ် ကူပို့ဆောင်တာတွေလည်း ရှိနေပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ မော့ကနင်ကျေးရွာကနေ မော့ကနင်ရွာသစ်၊ ကနင်ကမော့၊ အောင်သာယာ၊ လိမ္မော်ခြံ၊ နှစ်ကရင်ကျေးရွာတွေအထိ ထိုးဖောက်ဝင်ရောက်လာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ဇူလိုင် ၂၉ ရက်နေ့ကလည်း လိမ္မော်ခြံကျေးရွာအနီးမှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့သလို ရေးအခြေစိုက် အမှတ် ၃၁၇ အမြောက်တပ်က လက်နက် ကြီး အဆက်မပြတ် ပစ်ကူပေးခဲ့တာပါ။

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ကြောင်းတစ်ကြောင်းဖြစ်တဲ့ တောင်ညိုစစ်ကြောင်း တာဝန်ရှိသူကတော့ ရေး-ထားဝယ်လမ်းပိုင်း ပြန်လည်ထိန်းချုပ်ဖို့ ကြိုးပမ်းလာတဲ့ စစ်ကောင်စီတပ်ကို အကောင်းဆုံး ခုခံတိုက်ခိုက်သွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ ရေး – ထားဝယ်လမ်းပိုင်းကို မလိုအပ်ဘဲ ခရီးမသွားဖို့နဲ့ မဖြစ်မနေ သွားလာရပါက တိုက်ပွဲသတင်းတွေ နားထောင်ပြီးမှ သွားလာကြဖို့ တိုက်တွန်းတာပါ။

လက်ရှိမှာဖြစ်ပွားနေတဲ့ ရေး-ထားဝယ်လမ်းပိုင်း တိုက်ပွဲတွေအတွင်း အရပ်သား နှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေလည်း ရှိနေပါတယ်။

ရေး-ထားဝယ်လမ်းပိုင်း လက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ်ဟာ လက်နက်ခဲယမ်း၊ ရိက္ခာတွေအပါအဝင် စစ်ကူပို့ဆောင်ရာမှာ ရေလမ်းကိုသာ အသုံးပြုနေရတာနဲ့ စစ်ရေးဂုဏ်သိက္ခာ ပြန်လည်အဖက်ဆယ်ဖို့အတွက် စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။

ရေး- ထားဝယ်လမ်းပိုင်းကို ပြီးခဲ့တဲ့နှစ်ကစပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတာ ဖြစ်ပြီး လုံခြုံရေးစစ်ဆေးမှုတွေကိုလည်း မကြာခဏဆိုသလို လုပ်ဆောင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MSRF/Frontier

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.