ကွာလာလမ်ပူ၊ ဇူလိုင် ၂၉

မြန်မာ့ပြဿနာအတွက် ငြိမ်းချမ်းမှုရှိပြီး ရေရှည်တည်တံ့မယ့် ဖြေရှင်းချက် တစ်ရပ် ရရှိနိုင်ရေး လွန်ခဲ့တဲ့ သုံးနှစ်က ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အာဆီယံက ပြည့်ပြည့်စုံစုံ ပြန်လည် သုံးသပ်သွားမှာ ဖြစ်ပါတယ်။

လာအိုနိုင်ငံ ဗီယန်ကျန်းမြို့မှာ ကျင်းပခဲ့တဲ့ ၅၇ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပြီးနောက် ဇူလိုင် ၂၇ ရက်နေ့တုန်းက ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်ထဲ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် လူသားချင်း စာနာထောက်ထားရေး အကူအညီ လိုအပ်ချက် မြင့်မားလာတာနဲ့ ပတ်သက်လို့ အာဆီယံက စိုးရိမ်ကြောင်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းရေး အာဆီယံ ခေါင်းဆောင်တွေရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ဟာ အဓိက အဖြေဖြစ်တယ်ဆိုတာကို မိမိတို့ တစ်ညီတစ်ညွတ်တည်း ထပ်မံ အတည်ပြုလိုက်ကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။

ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်လို့ မိမိတို့ ပြည့်ပြည့်စုံစုံ ပြန်လည် သုံးသပ်သွားမှာ ဖြစ်ပြီး သုံးသပ်ချက်တွေကို အောက်တိုဘာလအတွင်း လာအိုမှာကျင်းပမယ့် ၄၄ ကြိမ်မြောက်နဲ့ ၄၅ ကြိမ်မြောက် အာဆီယံညီလာခံမှာ တင်ပြသွားမှာ ဖြစ်ကြောင်း ပူးတွဲ ကြေညာချက်မှာ ဖော်ပြပါတယ်။

လာအိုဟာ အခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဌ ဖြစ်ပြီး ၄၄ ကြိမ်နဲ့ ၄၅ ကြိမ်မြောက် အာဆီယံညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကိုအောက်တိုဘာ ၈ ရက်ကနေ ၁၁ ရက်အထိ ကျင်းပဖို့ စီစဉ်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် နှစ်လအကြာ ၂၀၂၁ ဧပြီလက ကျင်းပခဲ့တဲ့ အာဆီယံခေါင်းဆောင်များ အစည်းအဝေးမှာ အဲဒီဘုံသဘောတူညီချက် ၅ ရပ်ကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အရပ်သား ပြည်သူတွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ အများပြည်သူ အဆောက်အဦးတွေကို တိုက်ခိုက်မှုအပေါ် မိမိတို့ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်းနဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်တန့်ရေး တိုက်တွန်းကြောင်းလည်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ပူးတွဲ ကြေညာချက်မှာ ဖော်ပြပါတယ်။

အခုနှစ် ဇူလိုင်လ ၁၀ ရက်အထိ အာဆီယံရဲ့ ဒုတိယအဆင့် တုံ့ပြန်မှု အနေနဲ့ အကူအညီ ကန်ဒေါ်လာ ၁ ဒသမ ၈၈ သန်း ပေးပို့ထားပြီ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
Ref:Bermana

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.