နေပြည်တော် ၊ ဇူလိုင် ၂၈

နိုင်ငံအနှံထိုးစစ်တွေကြောင့် ရှုံးပွဲဆက်တိုက် ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက အခုနှစ်လယ်ကစပြီး ရွေးကောက်ပွဲကျင်းပရေး စကားရပ်ကို ခပ်စိပ်စိပ်ပြောဆိုကာ လာမယ့်ရက်ပိုင်းအတွင်း ကာလုံအစည်းအဝေးခေါ် ယူဖို့ ရှိနေပါတယ်။

အရေးပေါ်သက်တမ်းကုန်ဆုံးဖို့ ရက်ပိုင်းအလိုမှာ အိန္ဒိယအပါအဝင် ထိုင်းနဲ့သီရိလင်္ကာနိုင်ငံက တာဝန်ရှိသူတချို့နဲ့ ရွေးကောက်ပွဲကျင်ပနိုင်ရေး ပြင်ဆင်နေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Shri Ajit Doval နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဇူလိုင် ၂၆ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတာပါ။

ဒါ့အပြင် စစ်ကောင်စီရဲ့ ဥက္ကဌရုံး (၁) ဝန်ကြီးလည်းဖြစ် အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်ဗိုလ်ချုပ်ကြီး မိုးအောင်ကလည်း သီရိလင်္ကာက ကာကွယ်ရေးအတွင်းဝန်နဲ့ ထိုင်းနိုင်ငံက Ruchakorn NAPAPORN-PIPAT တို့ကို သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

အဲဒီတွေ့ဆုံမှုတွေအတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နေမှုအခြေအနေတွေနဲ့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်တွေကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ရွေးကောက်ပွဲလေ့လာ‌စောင့်ကြည်သူတစ်ဦးက စစ်ကောင်စီဘက်က တကယ် ရွေးကောက်ပွဲလုပ်မယ်ဆိုရင် စေ့စပ်ညှိနှိုင်းရေး အရင်စလုပ်ရမှာဖြစ်ပြီး အခုထိသူ့ဘက်က လုံးဝအလျှော့မပေးသေးဘူးလို့ သုံးသပ်ပါတယ်။

“လက်ရှိအခြေအနေကတော့ ရွေးကောက်ပွဲဆိုတဲ့ဟာ ပါးစပ်က ပြောကောင်းနေအောင် ပြောနေမှာပဲဗျ။ ဒါပေမယ့် ရွေးကောက်ပွဲတကယ်လုပ်မယ်ဆိုရင် စေ့စပ်ညှိနှိုင်းရေး အရင်စရမှာ။ သူ့ဘက်က (စကစ) လုံးဝ အခုချိန်အထိ အလျှော့ပေးတာတွေ မရှိသေးဘူးခင်ဗျာ။ ဘာလို့ဆို ၂၀၂၄ ကုန်မှသာ သူတို့က တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ပြီးမှ ရွေးကောက်ပွဲလုပ်ငန်းစဉ် လုပ်ရမှာဆိုတော့ ဒီတစ်ကြိမ် သက်တမ်းထပ်တိုးပြီး နောက်တစ်ကြိမ်မှ သူကလုပ်မယ့် အစီအစဉ်ရှိတယ်ခင်ဗျာ”လို့ ဆိုပါတယ်။

လာမယ့်နှစ် ရွေးကောက်ပွဲကျင်းပရေး အခုနှစ် အောက်တိုဘာမှာ သန်းခေါင်စာရင်းကောက်ယူသွားမယ်လို့ စစ်ခေါင်းဆောင်က ဇွန် ၁၅ ရက်နေ့မှာ ထုတ်ပြောပြီးနောက်ပိုင်း တရုတ်သံအမတ်အပါအ ဝင် အစည်းအဝေးတွေမှာ ရွေးကောက်ပွဲကျင်းပရေးကိစ္စကို မကြာခဏ ပြောဆိုလာနေတာပါ။

စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုတွေကို အရှိန်အဟုန်မြှင့်ပြီး အသင့်ဖြစ်‌အောင် လုပ်ဆောင်ထားကြဖို့ ဝန်ထမ်းတွေကို ဇူလိုင် ၇ ရက်နေ့မှာ တိုက်တွန်းထားပါတယ်။

တစ်ဘက်မှာ ၆ လ တစ်ကြိမ် တိုးယူနေတဲ့ စစ်ကောင်စီရဲ့ အရေးပေါ်သက်တမ်းကလည်း ဇူလိုင် ၃၁ ရက်နေ့မှာ ကုန်ဆုံးတော့မှာဖြစ်လို့ ကာလုံလို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူပြီး ယာယီသမ္မတက ဆုံးဖြတ်ပေးရမှာပါ။

ဒီအခြေအနေမှာ ကာလုံအစည်းအဝေးဆိုင်ရာကိစ္စရပ်တွေ ဆုံးဖြတ်ပေးမယ့် ယာယီသမ္မတ ဦးမြင့်ဆွေက ကျန်းမာရေးကြောင့် ဆေးခွင့်ယူထားအတွက် ဇူလိုင် ၂၂ ရက်နေ့မှာ စစ်ခေါင်းဆောင်ကို ရာထူးလွှဲအပ်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့် ကာလုံအစည်းအဝေးမှာ ယာယီသမ္မတတာဝန်ရယူထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်လာပြီး လိုသလို ဆုံးဖြတ်ပိုင်ခွင့် အပြည့်ရှိနေပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်ကတော့ ကာလုံအစည်းအဝေးကနေ ဦးသိန်းစိန်ပါဝင်တဲ့ ကြားဖြတ်အစိုးရတစ်ရပ်ဖွဲ့ သွားနိုင်ပြီး အဲဒီအစီအစဉ်ကို တရုတ်အစိုးရကို အကြမ်းမျဉ်းတင်ပြထားပုံရတယ်လို့ တပ် ရင်းသတင်းရင်းမြစ်ဆီက အချက်အလက်တွေအရ သုံးသပ်ပါတယ်။

“အခုလာမယ့် ဩဂုတ်လ ၁ ရက်နေ့မှာဆိုရင် ဦးသိန်းစိန်တို့၊ ကိုကိုကြီးတို့၊ ခင်ရီတို့၊ သန်းသန်းနုတို့ ပါတဲ့ အစိုးရတစ်ရပ် ကြားဖြတ်ဖွဲ့သွားနိုင်တယ်။ ဒါဘာလဲဆိုတော့ တပ်ရင်းသတင်းရင်းမြစ်တွေအရ သုံးသပ်ပြီးပြောရခြင်း ဖြစ်တယ်။ ဒီလုပ်မယ့်အစီအစဉ်ကိုလည်း စိနကို (တရုတ်) အကြမ်းဖျဉ်းတင်ပြထားပုံရတယ်။ ဒါပေမယ့် စိနတရုတ်ကြီးကတော့ သဘောတော့ မတွေ့လောက်ဘူးထင်တယ်။ အဲဒီမှာ မင်းအောင်လှိုင်အနေနဲ့ကတော့ သူကအစိုးရအဖွဲ့ထဲမှာ မပါတော့ဘူး”လို့ ဆိုပါတယ် ။

ယာယီသမ္မတကနေဖွဲ့မယ့် ကြားဖြတ်အစိုးရကို အာဏာလွှဲပေးလိုက်မယ့်အနေအထားမှာ စစ်ခေါင်း ဆောင်ကတော့ တပ်ချုပ်ရာထူးကိုသာ စွဲကိုင်ထားပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်မှာ မဟုတ်ဘူးလို့ ဗိုလ်ကြီးဇင်ယော်က ထောက်ပြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာ သမ္မတဟောင်း ဦးသိန်းစိန်က တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက စစ်ခေါင်းဆောင်ကို အာဏာစွန့်ဖို့ ဖျောင်းချရေးနဲ့ ရွေးကောက်ပွဲအတွက် ကြားဖြတ်အစိုးရတစ်ရပ် ဖော်ဆောင်ပေးရေးအတွက် တိုက်တွန်းခဲ့တာပါ။

ဒုစစ်ခေါင်းဆောင်ကလည်း ဇူလိုင် ၇ ရက်နေ့မှာ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့်ရဲ့ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ မစ္စရှန်ယွဲ့ယွဲ့နဲ့တွေ့ဆုံကာ ရွေး ကောက်ပွဲကျင်းပနိုင်ရေး အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ကြံ့ခိုင်ရေးပါတီ၊ ပြည်သူ့ပါတီ၊ ရခိုင့်ဦးဆောင်ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ကို တရုတ်ကွန်မြူနစ်ပါတီက ဇူလိုင် ၂၀ ကနေ ၂၇ ရက်နေ့အထိ တရုတ်နိုင်ငံခရီးစဉ်အဖြစ် သီးသန့်ဖိတ်ကြားလာခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသိန်းစိုးနိုင်ကတော့ ကာလုံအစည်းအဝေးမှာ စစ်ကောင်စီအနေနဲ့ အာဏာလျော့ပါးအားနည်းသွားစေမယ့် ကြားဖြတ်အစိုးရဖွဲ့တာတွေ ဖြစ်နိုင်လိမ့်မှာ မထင်ဘူးလို့ သုံးသပ်ပါတယ်။

“ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့တွေ ဘာတွေဖြစ်လာမလားဆိုတာ ကျွန်တော်တော့ အဲဒါတွေ သိပ်မထင်ပါဘူး။ ဘာကြောင့်လဲဆို စစ်ကောင်စီဥက္ကဌက အခုချိန်ထိ ဖြစ်နေတဲ့စစ်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ သူကသူအားနည်းတယ်၊ ပျော့ညံ့တယ်လို့ ယူဆရမယ့်ကိစ္စမျိုးတွေ ဘယ်တော့မှ စဉ်းစားလေ့မရှိပါဘူး။ ညွန့်ပေါင်းအစိုးရတို့၊ ကြားဖြတ်အစိုးရတို့ ဒါပေမယ့် ကျွန်တော်ထင်တာက ရွေးကောက်ပွဲအတွက် တစ်စုံတစ်ရာ ပြင်ဆင်တာတွေတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် အခုနလို သူ့ရဲ့အာဏာကို လျော့ပါးအားနည်းသွားစေမယ့် အခြားသော ဖွဲ့စည်းမှုတွေ ဖြစ်လိမ့်မယ်လို့ မထင်ပါဘူးဗျာ”လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ ရခိုင်အပါအဝင် ရှမ်းမြောက်နဲ့ မန္တ‌လေးတိုင်းတို့မှာ ဒေသတွင်းအခြေ စိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ မြို့ သိမ်းစခန်းသိမ်း ထိုးစစ်ကို ပြင်းပြင်းထန် ထန် ရင်ဆိုင်နေရတာပါ။

တစ်ဘက်မှာ နိုင်ငံအနှံ့ ထိုးစစ်တွေကြောင့် မြို့ ပေါင်း ၇၀ ကျော် လက်လွှတ်ခဲ့ရပြီး ရှမ်းမြောက်ရှိ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုလည်း မြန်မာစစ်တပ်သမိုင်းမှာ ပထမဆုံးအ ကြိမ် ဆုံးရှုံးထားရပါတယ်။

နိုင်ငံရေးအကဲခတ်တွေတော့ စစ်ကောင်စီအနေနဲ့ လက်လွှတ်ဆုံးရှုံးတာတွေ ပြန်လည်ရယူဖို့ စစ်ရေးအတွက် နောက်ထပ်အရေးပေါ်သက်တမ်း ၆ လ တိုးယူပြီး လာမယ့်ဖေဖော်ဝါရီ ၁ ရက်နေ့ကျမှသာ ကြားဖြတ်အစိုးရဖွဲ့ကာ ရွေးကောက်ပွဲလုပ်သွားမယ့်သဘောလို့ သုံးသပ်ကြပါတယ်။

ဒါဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထုတ်ပြောခဲ့တဲ့ လာမယ့် ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ အချိန်ကာလကို ကလင်ဒါကျ ဖြစ်နိုင်ခြေအလားလာကို ပကတိအ ခြေအနေပေါ် မူတည်ပြီး ခန့်မှန်းကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် သမ္မတအိပ်မက်နဲ့ နိုင်ငံ့အာဏာကို လက်နက်အားကိုးပြီး သိမ်းယူခဲ့တဲ့ စစ်ခေါင်းဆောင်အနေနဲ့ အများပြည်သူ မထင်မှတ်ထားတဲ့ ယာယီသမ္မတရာထူးကို ကိုယ့်ဘာသာ အရယူနိုင်ခဲ့တဲ့အ တွက် ဘယ်လိုအကွက်တွေ ထပ်ရွှေ့နိုင်မလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.