မော်လမြိုင်၊ ဇူလိုင် ၂၇

မွန်ပြည်နယ်မှာ မိုးသည်းထန်စွာ မိုးသွန်းမှုနဲ့အတူ ရေကြီးရေလျှံမှုတွေကြောင့် ကျေးရွာပေါင်း ၁၀၀ နီးပါး ရေနစ်မြှုပ်နေပြီး ရေးဘေးသင့်ပြည်သူ သောင်းနဲ့ချီရှိနေတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ် ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့ကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြည်နယ်အတွင်းရှိ မြို့နယ်တွေဖြစ်တဲ့ ဘီးလင်း၊ သထုံ၊ ပေါင်၊ မော်လမြိုင်၊ ချောင်းဆုံ၊ သံဖြူဇရပ်၊ ရေး၊ မုဒုံမြို့နယ်တွေက အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ ရေကြီးရေလျှံမှုတွေ စတင်ဖြစ်ပွားခဲ့တာပါ။

ရေကြီးရေလျှံမှုနဲ့ မြစ်ရေတွေ ထပ်မံမြင့်တက်လာတဲ့အတွက် ဇူလိုင် ၂၇ ရက်နေ့ မနက်ပိုင်းကစပြီး ဘီးလင်း၊ ပေါင်၊ သထုံ၊ ရေးနဲ့သံဖြူဇရပ်မြို့နယ်တို့က ကျေးရွာပေါင်း ၁၀၀ နီးပါး ရေနစ်မြှုပ်နေပြီး ဘီးလင်းမြို့နယ်ဟာ ကျေးရွာ ၆၀ နီးပါးနဲ့ အများဆုံး ရေနစ်မြှုပ်နေတာ ဖြစ်ပါတယ်။

ဘီးလင်းရေးကြီးရေလျှံမှုအတွင်း မြို့ပေါ်ရပ်ကွက်တွေက ဒေသခံ ၂၀၀၀ ကျော်ကိုသာ ယာယီကယ် ဆယ်ရေးစခန်းတွေ ပို့ဆောင်နိုင်ပေမယ့် ကျေးရွာတွေက ဒေသခံတွေကတော့ ကိုယ်နည်းကိုယ်ဟန်နဲ့ ဘေးလွတ်ရာနေရာတွေကို ပြောင်းရွှေ့နေကြတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပြပါတယ်။

ရေကြီးနစ်မြှုပ်နေတဲ့ ကျေးရွာတွေကို ကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်ဖို့ စက်လှေတွေအပါ အဝင် အထောက်အကူပစ္စည်း မလုံလောက်မှုတွေရှိနေသလို စစ်ကောင်စီဘက်ကလည်း လက်ရှိအချိန်ထိ ကူညီဆောင်ရွက်ပေးမှု မရှိသလောက် နည်းပါးနေတယ်လို့ ဆိုပါတယ်။

ရေကြီးရေလျှံမှုကြောင့် ဒီနေ့ မနက်ပိုင်းမှာ ရန်ကုန်-ထားဝယ်လမ်းပိုင်းဖြစ်တဲ့ ဘီးလင်း၊ သထုံ၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ်နဲ့ရေးမြို့နယ်က လမ်းပိုင်းတချို့မှာ ကားလမ်းရေကျော်နေပြီး ကားကြီး၊ကားငယ်တွေ သတိထားသွားလာနေရပါတယ်။

ဘီးလင်းလမ်းပိုင်းနဲ့ ကျိုက္ကော်လမ်းပိုင်းမှာတော့ ကားလမ်းရေကျော်မှုတွေ ထပ်မံဖြစ်ပွားနေတဲ့အတွက် ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ပင်ထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.